ဂျပန် - မြန်မာ ထိပ်သီးအစည်းအဝေး
ဧပြီလ ၂၁ ရက်နေ့တွင် ဂျပန်ဝန်ကြီးချုပ် Mr. Yoshihiko Noda သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အစိုးရအကြီး အကဲအဖြစ် ၂၈ နှစ်အတွင်း ဂျပန်နိုင်ငံသို့ ပထမဆုံးအကြိမ် အလည်အပတ် ရောက်ရှိလာသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နှစ်နိုင်ငံ အစိုးရ ထိပ်သီးအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ဂျပန်ဝန်ကြီးချုပ် Mr.Noda မှ မျက်မှောက်ကာလ မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များ အမှန်တကယ် တိုးတက်ဖြစ်ပေါ်လျက်ရှိ၍ နိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အလွန်အရေးကြီးတဲ့အချိန်ကို ရောက်ရှိနေပြီဖြစ်ပြီး၊ ဂျပန်နိုင်ငံအနေဖြင့် အဆွေတော်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုများအပေါ် ဆက်လက်ထောက်ခံ အားပေးနေသည့်အပြင် ထိုပြောင်းလဲမှု အကျိုးရလဒ်များကို မြန်မာပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့် ရရှိခံစားနိုင်စေရန် ရည်ရွယ်၍ အထောက်အပံ့များ တိုးမြှင့်ထောက်ပံ့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
မြန်မာ သမ္မတ ဦးသိန်းစိန်မှ ယခုအကြိမ် ဂျပန်နိုင်ငံသို့ အလည်အပတ် ရောက်ရှိလာခြင်းသည် ဂျပန် နှင့် မြန်မာ အကြား နှစ်နိုင်ငံ ဆက်ဆံရေးအတွက် စာမျက်နှာ သစ်ဖွင့်လှစ်ခြင်းကို ပြသလိုက်ခြင်းပင်ဖြစ်ကြောင်း၊ ယခုကစပြီး ဂျပန်နိုင်ငံက ပိုမို ပူးပေါင်း ကူညီလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့အပြင် နှစ်နိုင်ငံခေါင်းဆောင်များသည် ဂျပန် နှင့် မြန်မာ အကြား အစဉ်အလာမပျက် ချစ်ကြည်ရင်းနှီးမှုကို ပိုမို တိုးမြှင့်သွားရန် သဘောတူညီခဲ့ကြပါသည်။
ဂျပန် - မြန်မာ ထိပ်သီးအစည်းအဝေးမှ အဓိကကျသောအစည်းအဝေး ရလဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ပထမဦးစွာ ဂျပန် ဝန်ကြီးချုပ် Mr. Noda မှ ဧပြီလ(၁)ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သော ကြားဖြတ်ရွေးကောက်ပွဲအပါအဝင် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှု အခြေအနေ အရပ်ရပ်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း ပြောကြားပြီး၊ မြန်မာ သမ္မတ ဦးသိန်းစိန် မှ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ စီးပွားရေးကဏ္ဍ
ဖွံ့ဖြိုးတိုးတက်ရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် လုပ်ဆောင်ရန် အခိုင်အမာဆုံးဖြတ်ထား ကြောင်းပြောကြားခဲ့ပါသည်။
ဒုတိယအချက်အနေဖြင့်၊ ဂျပန် ဝန်ကြီးချုပ် Mr. Noda မှ မြန်မာနိုင်ငံအပေါ်ထားရှိသော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မူဝါဒကို ပြန်လည်သုံးသပ်ပြီး၊ တိုင်းရင်းသားလူမျိုးစုများ အပါအဝင် ပြည်သူတစ်ရပ်လုံး၏ လူနေမှုဘဝ တိုးတက်လာစေရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အအုံနှင့် နည်းစနစ် ပိုမို တိုးတက် ကောင်းမွန်လာစေရေး စသည့်အချက်များကို အဓိက ထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းအချက်များတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမြှင့်တင်ရေး အထောက်အပံ့များလည်း ပါဝင်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်စပ်၍ နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ကြွေးမြီးလက်ကျန်များနှင့် ဆက်နွယ်သော နားလည်
သဘောတူညီမှုကို ရရှိခြဲ့ပီး ဂျပန် ဝန်ကြီးချုပ် Mr. Noda မှ ဂျပန် ယန်းချေးငွေနှင့်အတူ မြန်မာနိုင်ငံအတွက် အထောက်အပံ့များအား ပြန်လည်ပေးအပ်နိုင်ရန် စဉ်းစားသွားမည့်အကြောင်း ပြောကြားခဲ့ပါသည်။
တတိယအချက်အနေဖြင့် နှစ်နိုင်ငံသည် ရန်ကုန်မြို့ ဆင်ခြေဖုံးဒေသရှိ စက်မှုဇုံ နယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတည်ရှိရာ သီလဝါဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု အပိုင်းနှင့်စပ်လျဉ်း၍ အထူး စီမံကိန်း ချမှတ်ခြင်းဆိုင်ရာ နားလည်မှု
စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
|