ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအီချိရို ဂင်းဘ၏ မြန်မာနိုင်ငံခရီးစဉ်

 

 

ဂျပန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦး၏(၉)နှစ်အတွင်းပထမဦးဆုံးခရီးစဉ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး ကိုအီချိရို ဂင်းဘသည် ဒီဇင်ဘာလ(၂၅)ရက်နေ့နှင့် (၂၆)ရက်နေ့များတွင် မြန်မာနိုင်ငံသို့အလည်အပတ် ရောက်ရှိခဲ့ပါသည်။

 

ခရီးစဉ်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်များအပေါ် လေးစား တန်ဖိုးထားကြောင်းပြောဆိုပြီး နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးအပါအဝင် ၎င်းလုပ်ငန်းစဉ် များပိုမိုခိုင်မာလာမည်ဟုမျှော်လင့်ပါကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ပါသည်။ ထို့အပြင် ဂျပန်နိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအတွက်ကြိုးပမ်းမှုများကို ဆက်လက်ထောက်ခံသွားပြီး နှစ်နိုင်ငံမှ သက်ဆိုင်ရာပုဂ္ဂိုလ် အချင်းချင်းကူးလူးဆက်ဆံရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးကဏ္ဍနှင့် ယဉ်ကျေးမှုဖလှယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင်လည်း သမ္မတ ဦးသိန်းစိန်ကို ပြည်တွင်းပြုပြင်ပြောင်းလဲမှုများအတွက် ဦးဆောင်ဦးရွက်ပေးနိုင်သည့်အတွက် ချီးကျူးပြောဆိုခဲ့ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များ ပိုမိုခိုင်မာလာစေရန်အတွက် နှစ်နိုင်ငံမှ သက်ဆိုင်ရာပုဂ္ဂိုလ် အချင်းချင်း ကူးလူးဆက်ဆံရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးကဏ္ဍနှင့် ယဉ်ကျေးမှုဖလှယ်ရေး ကဏ္ဍများတွင် ဂျပန်နိုင်ငံမှ ပူးပေါင်းဆောင်ရွက်သွားမည့်အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

 

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင်လည်း လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော အခြေအနေကောင်းများအား ပိုမိုတိုးတက်လာစေရေးအတွက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးရေးလုပ်ငန်းများ အကောင်ထည်ဖေါ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံအနေဖြင့် ကူညီထောက်ပံ့မှုများ ပေးအပ်နိုင်ရေးတို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

 

ထို့အပြင် မြန်မာပြည်တွင်းရှိ ဂျပန်စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ငန်းများလုပ်ဆောင်နိုင်ရေးအတွက်လည်း ဂျပန်စီးပွားရေးလုပ်ငန်းရှင်များနှင့် အမြင်ချင်းဆွေးနွေးဖလှယ်ခဲ့သည့်အပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပါသည်။



Top