ဂျပန်နိုင်ငံအစိုးရ၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တွင် ဒေါ်လာ(၂၆၇,၇၁၆)တန်ဖိုးရှိ စာသင်ကျောင်းဆောင်ထောက်ပံ့ကူညီခြင်း
၂၀၁၅ခုနှစ်၊ ဇွန်လ (၂၇) ရက်
ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ (၂၆၇,၇၁၆) ကိုပေးအပ်ခဲ့ရာ အဆိုပါစီမံကိန်းမှာ- မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ စလင်းအခြေခံပညာအထက်တန်းကျောင်းဆောက်လုပ်ရေးစီမံကိန်းအတွက် ဖြစ်ပါသည်။

အထက်ပါစီမံကိန်း၏ဖွင့်လှစ်ပွဲနှင့်လွှဲပြောင်းပွဲအခမ်းအနားကို ၂၀၁၅ခုနှစ်၊ဇွန်လ(၂၇)ရက်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI၊ အမျိုးသားစီမံကိန်းနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ မကွေးတိုင်းဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီ အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

စလင်းအခြေခံပညာအထက်တန်းကျောင်းရှိစာသင်ဆောင်များသည် တိုးပွားလာသောကျောင်းသားဦးရေများအတွက် စာသင်ခန်းလိုအပ်မှုများကို မဖြည့်ဆည်းပေးနိုင်ခဲ့ပါ။ စာသင်ခန်းလုံလောက်မှုမရှိသဖြင့်၊ စာသင်ခန်းတစ်ခန်း လျှင်ကျောင်းသား/သူ(၆၀)ဦးခန့်ရှိပြီး ကျဉ်းကျပ်စွာစာသင်ကြားခဲ့ကြပါသည်။ ဤကဲ့သို့သောအခြေအနေများတွင် ဂျပန်နိုင်ငံအစိုးရမှ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်းတစ်ဆယ့်နှစ်ခန်းပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်၊ ကျောင်းသုံးပရိဘောဂအစုံအလင်၊ အိမ်သာနှင့်လျှောက်လမ်း ကိုပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းသူ/သား (၃,၀၁၁)ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေပါမည်။

ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၂၆)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၂၈)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၂)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၃၃)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။