ဂျပန်နိုင်ငံအစိုးရ၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ရန်ကုန်မြို့တွင် အမေရိကန်ဒေါ်လာ(၇၄၉,၉၂၆)တန်ဖိုးရှိသော DMU (၁၀)စီးအတွက်ပို့ဆောင်ရေးစရိတ်နှင့်ပြုပြင်ထိန်းသိမ်းရေးသင်တန်းစရိတ်ထောက်ပံ့ကူညီခြင်း
၂၀၁၅ခုနှစ်၊စက်တင်ဘာလ (၂၈) ရက်

ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် ရန်ကုန်မြို့ပတ်မီးရထားစွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ (၇၄၉,၉၂၆)ကိုပေးအပ်ခဲ့ပါသည်။

အထက်ပါစီမံကိန်း၏လွှဲပြောင်းပွဲအခမ်းအနားကို ၂၀၁၅ခုနှစ်၊စက်တင်ဘာလ(၂၈)ရက်တွင် ရန်ကုန်ဘူတာကြီး၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မီးရထားပို့ဆောင်ရေးဝန်ကြီးဌာန၀န်ကြီးဦးဥာဏ်ထွန်းအောင်၊ မီးရထားပို့ ဆောင်ရေးဝန်ကြီးဌာနဒုတိယ၀န်ကြီးဦးမြင့်သိန်း၊ ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်၊ ရန်ကုန်တိုင်းဒေသကြီးလမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဦးအောင်ခင်၊ မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူးဦးသူရိန်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာဂျပန် သံရုံးမှသံအမတ်ကြီး H.E. Mr. Tateshi HIGUCHI နှင့် the East Japan Railway Company (JR East) မှနိုင်ငံတကာရေးရာအမှုဆောင်ညွှန်ကြားရေးမှူး Mr. Takao NISHIYAMA တို့ တက်ရောက်ခဲ့ကြပါသည်။

စီမံကိန်းအတွက် JR East နှင့်ပူးပေါင်း၍ DMU ၁၀ စီး (KIHA 40 နှင့် KIHA 48) နှင့် ပြုပြင်ထိန်းသိမ်းရေး သင်တန်းစရိတ်ကိုပံ့ပိုးပေးခြင်းဖြင့် ရန်ကုန်မြို့ပတ်မီးရထားလိုင်း၏ ပို့ဆောင်ဆက်သွယ်ရေးအဆင့်မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။ စီမံကိန်းအတွက် JR East မှ DMU ၁၀ စီးကို ပံ့ပိုးပြီး ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့အဖြစ် ပို့ဆောင် ရေးစရိတ်နှင့်ပြုပြင်ထိန်းသိမ်းရေးသင်တန်းစရိတ်ကို ပံ့ပိုးပေးခြင်းဖြစ်ပါသည်။

ရန်ကုန်မြို့ပတ်မီးရထားမှာဟောင်းနွမ်းလာပြီး အရေအတွက်လျော့နည်းလာသဖြင့် ခရီးသည်များ၏လိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်ခဲ့ပါ။ ဤကဲ့သို့သောအခြေအနေတွင် ပံ့ပိုးပေးသော DMU ၁၀ စီးသည် ရန်ကုန်မြို့နေ အခြေခံလူတန်းစားများအတွက် အဆင်ပြေချောမွေ့စေရေးနှင့် သက်သာချောင်ချိသော သယ်ယူပို့ဆောင်ရေးဖြစ်လာ စေရန် အသုံးပြုမည်ဖြစ်သည်။ စီမံကိန်းသည် နေ့စဉ်ရန်ကုန်မြို့ပတ်ရထားအသုံးပြုသောခရီးသည် ၁၀၀,၀၀၀ ဦးနှင့် နှစ်စဉ်ခရီးသည်ပေါင်း ၃၀,၀၀၀,၀၀၀ ဦးကို တိုက်ရိုက်အကျိုးခံစားမှုဖြစ်ပေါ်စေမည်ဟု မျှော်လင့်လျက်ရှိပါသည်။

ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၂၉)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၃၀)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၂)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၃၄)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟုမျှော်လင့်လျက်ရှိပါသည်။