
ဂျပန်နိုင်ငံ၏ ယန်းချေးငွေဖြင့် အကောင်အထည်ဖော်သော ပထမဦးဆုံးကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်း ဖြစ်သည့် ဒေသန္တရ ဆိုင်ရာ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၂၂ရက်နေ့တွင် ကျင်းပခဲ့ပါသည်။
ဂျပန်နိုင်ငံဝန်ကြီးချုပ် Mr. Abe ၏ မြန်မာနိုင်ငံသို့ ပထမဦးဆုံးတရားဝင်အလည်အပတ်ခရီးစဉ်အတွင်း ၂၀၁၃ခုနှစ်မေလ၂၆ရက်နေ့တွင် နှစ်နိုင်ငံသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် ဂျပန်နိုင်ငံ အစိုးရ နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့သည် မြန်မာနိုင်ငံ၏ အရေးပါသော ဒေသန္တရဆိုင်ရာ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီမံကိန်းတို့တွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ယခု စီမံကိန်းတန်ဖိုးမှာ ဂျပန်ယန်းငွေ ၁၇ဘီလီယံ (အမေရိကန်ဒေါ်လာသန်း ၁၇၀ခန့်)ဖြစ်ပြီး ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံသို့ တရားဝင်ဖွံ့ဖြိုးမှုအထောက်အပံ့ ချေးငွေ စီမံကိန်းပထမဦးဆုံးအသုတ် ဖြစ်ပါသည်။
ဤစီမံကိန်းသည် တိုင်းဒေသကြီးနှင့်ပြည်နယ်တစ်ခုစီအတွက် လမ်းများ၊ လျှပ်စစ်ဓါတ်အားနှင့် ရေပေးဝေရေးအစရှိသည့် အခြေခံအဆောက်အအုံများကို အသစ်တည်ဆောက်ရန် နှင့် ပြန်လည် ပြင်ဆင်ရန်တို့အတွက် ရည်မှန်းထားခြင်းဖြစ်သည်။ စီမံကိန်းခွဲ ၆၅ခုမှာ အကောင်အထည်ဖော် ဆောင်ရွက်နေဆဲဖြစ်ပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်တစ်ခုစီတွင် မကြာမီပြီးစီးရန် မျှော်မှန်းထားပါသည်။
တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစ၀်အောင်မြတ် နှင့် ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဥိးစိုင်းလှဝင်းအပါအ၀င် ဒေသခံပြည်သူများနှင့် ဂုဏ်သရေရှိဧည့်သည်တော်များက နားယောင်းကျေးရွာရှိ အသစ်တည်ဆောက်ထားသော ရေသန့်စင်စက်ရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။ ဂျပန်သံရုံးမှ ဒုတိယ အတွင်းဝန် Mr. Fujikawa နှင့် JICA ၀န်ထမ်း Mr. Tokushige တို့လည်း တက်ရောက်ခဲ့ကြပါသည်။ တောင်ကြီးမြို့ရှိ ဤတိုးချဲ့ရေပေးရေးလုပ်ငန်းစီမံကိန်းခွဲကို အကောင်အထည်ဖော်နိုင်သည့်အတွက်ကြောင့် ရေရရှိမည့်အိမ်ထောင်စုပေါင်းမှာ ၅၁၂၆စုအထိ နှစ်ဆတိုးမြင့်လာမည် ဖြစ်ပါသည်။
ဂျပန်အစိုးရသည် မြို့ပြနှင့်ကျေးရွာနှစ်ရပ်လုံးရှိ မြန်မာပြည်သူပြည်သားများ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် အသက်မွေးဝမ်းကျောင်းမှု ပိုမိုတိုးတက်ကောင်းမွန်ရေးတို့အတွက် ဆက်လက်ကူညီ သွားရန် ဆန္ဒရှိပါသည်။ ဂျပန်နိုင်ငံ၏ ဤကဲ့သို့ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံအတွက် ကြီးမားသောစွမ်းပကားကို ဖြစ်ပေါ်စေပြီး အလုံးစုံတိုးတက်ဖွံ့ဖြိုးမှုနှင့် ဟန်ချက်ညီသော စီးပွားရေးကို အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
|
|
|