ဂျပန်နိုင်ငံအစိုးရ၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ မော်လမြိုင်နှင့်အမ်းမြို့မျုားတွင် အမေရိကန်ဒေါ်လာ(၁၃၅,၈၀၂)တန်ဖိုးရှိသောလေဆိပ်မီးသတ်ယာဉ်နှစ်စီးထောက်ပံ့ကူညီခြင်း
၂၀၁၅ခုနှစ်၊ အောက်တိုဘာလ(၂၆) ရက်

ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် မြန်မာ့ပြည်တွင်းလေဆိပ်များတွင် မီးသတ်စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ (၁၃၅,၈၀၂)ကိုပေးအပ်ခဲ့ပါသည်။

အထက်ပါစီမံကိန်း၏လွှဲပြောင်းပွဲအခမ်းအနားကို ၂၀၁၅ခုနှစ်၊အောက်တိုဘာလ(၂၆)ရက်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးဟံစိန်၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊လေကြောင်းပို့ဆောင်ရေးဌာနမှ အထွေထွေညွှန်ကြားရေးမှူး(ပူးတွဲ)ဦးတိုက်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှသံအမတ်ကြီး H.E. Mr. Tateshi HIGUCHI နှင့် New Kansai International Airport Company, Ltd (NKIAC) မှဒုတိယဥက္ကဌ Mr. Ken HARUTA တို့တက်ရောက်ခဲ့ကြပါသည်။

စီမံကိန်းသည် NKIAC နှင့်ပူးပေါင်း၍ အရှေ့တောင်အာရှနိုင်ငံများထဲတွင် သဘာဝဘေးအန္တရာယ်၊ အထူးသဖြင့် မီးဘေးအန္တရာယ်ကြုံတွေ့လေ့ရှိသော မြန်မာနိုင်ငံရှိလေကြောင်းဦးစီးဌာန၏ လေဆိပ်တွင်းမီးငြိမ်းသတ်စွမ်းရည် မြှင့်တင်ခြင်း အတွက်ရည်ရွယ်ပါသည်။ စီမံကိန်းတွင် NKIAC မှမီးသတ်ယာဉ်နှစ်စီးနှင့်အပိုတာယာများကိုလှူဒါန်း ပေးပြီး၊ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်၊ ပြုပြင်ထိန်းသိမ်းစရိတ်နှင့် ပြုပြင်ထိန်းသိမ်းရေးသင်တန်းကုန်ကျစရိတ် များကို ဂျပန်နိုင်ငံအသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်မှ ပံ့ပိုးပေးပါသည်။

မီးသတ်ယာဉ်များလုံးဝမရှိသော မော်လမြိုင်လေဆိပ်နှင့်အမ်းလေဆိပ်များတွင်၊ မီးဘေးအရေးပေါ်အခြေအနေများတွင် မီးဘေးကယ်ဆယ်ရေးနှင့်လုံခြုံရေးနည်းလမ်းများ အဆင့်မြှင့်တင်နိုင်ရန် အရေးပေါ်လိုအပ်နေခဲ့ပါသည်။ ဤကဲ့သို့ သောအခြေအနေတွင် ဂျပန်အသေးစားစီမံကိန်းနှင့် NKIAC တို့ပူးပေါင်းပြီး မွန်ပြည်နယ်၊မော်လမြိုင်လေဆိပ်အတွက်၊ ၁၂,၅၀၀ လီတာမီးသတ်ဆေးမြှုပ်ကန်ပါ မီးသတ်ယာဉ်တစ်စီးနှင့်၊ ရခိုင်ပြည်နယ်၊အမ်းလေဆိပ်အတွက် ၃,၀၀၀လီတာမီးသတ်ဆေးမြှုပ်ကန်ပါမီးသတ်ယာဉ်တစ်စီးတို့ကို ပံ့ပိုးပေးခဲ့ပါသည်။ လေကြောင်းဦးစီးဌာနမှ လေယာဉ် အဆင်း၊အတက်မရှိသောအချိန်များတွင်၊ မြို့နယ်မီးသတ်ဌာနနှင့်ပူးပေါင်းပြီး၊ ထောက်ပံ့ပေးထားသောမီးသတ် ယာဉ်များကို လိုအပ်လျှင်အသုံးပြုပေးသွားမည်ဖြစ်သည်။ စီမံကိန်းသည် မော်လမြိုင်တွင် လစဉ် ၃၇၀,၀၀၀လူဦးရေနှင့် ၁,၁၂၈ လေယာဉ်ခရီးသည်များကိုလည်းကောင်း၊ အမ်းတွင် လစဉ်၅၀,၀၀၀လူဦးရေနှင့် ၁,၃၄၄လေယာဉ်ခရီးသည် များကို အကျိုးခံစားမှုဖြစ်ပေါ်စေပြီး၊ လေကြောင်းလိုင်းလုံခြုံမှုနှင့်ဘေးအန္တရာယ်ကာကွယ်ရေးကို တိုးတက်စေမည် ဖြစ်သည်။

ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၃၁)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၃၁)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၂)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၃၅)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟုမျှော်လင့်လျက်ရှိပါသည်။