ဂျပန်နိုင်ငံအစိုးရ၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတမြို့နယ်တွင် ဒေါ်လာ(၃၀၈,၃၂၄)တန်ဖိုးရှိ တံတားတစ်စင်းထောက်ပံ့ကူညီခြင်း
၂၀၁၅ခုနှစ်၊ မေလ (၇) ရက်
ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ အမေရိကန်ဒေါ်လာ (၃၀၈,၃၂၄) ကို လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့အဖြစ်ပေးအပ်ခဲ့ရာ အဆိုပါစီမံကိန်းမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ညောင်ဝိုင်းစစ်ကွင်းတံတားတည်ဆောက်ရေးစီမံကိန်းဖြစ်ပါသည်။

အထက်ပါစီမံကိန်း၏ဖွင့်လှစ်ပွဲနှင့်လွှဲပြောင်းပွဲအခမ်းအနားကို ၂၀၁၅ခုနှစ်၊မေလ(၇)ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ညောင်ဝိုင်းကျေးရွာ၌ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံရုံးမှ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌနှင့်ဟင်္သာတမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဌေးဦး၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်ဒေသခံ ပြည်သူများတက်ရောက်ခဲ့ကြပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတမြို့နယ်၊ညောင်ဝိုင်းကျေးရွာနှင့်အနီးအနား ၃၆ ကျေးရွာမှဒေသခံပြည်သူများသည် ၎င်းတို့၏ဒေသထွက်ကုန်များဖြစ်ကြသောဆန်၊ပဲနှင့်ပန်းများကိုသယ်ပို့ရန်၊ အလယ်တန်းနှင့်အထက်တန်းကလေးများ ကျောင်းသွားရန်၊ လူနာများကိုဟင်္သာတဆေးရုံသို့ပို့ဆောင်ရန် အုတ်ခံတံတားကိုအသုံးပြုခဲ့ကြပါသည်။ ၂၀၀၄နှင့် ၂၀၀၆ တွင်ဖြစ်ပွားသောရေလွှမ်းမိုးမှုများ ကြောင့်ထိုတံတားမှာပျက်စီးသွားပြီး၊ ရေထဲသို့မျှောပါသွားခဲ့ပါသည်။ ထို့ကြောင့် ကျေးရွာသူ/သားများမှ ၀ါးဖြင့်ပြုလုပ်ထားသောတံတားတစ်စင်းကိုဆောက်လုပ်ခဲ့ပြီး၊ ကားများသွားလာ၍ မရခဲ့ပါ။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံ အစိုးရမှ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ (၂၄၀)ပေရှည်လျားသော သံကူကွန်ကရစ်တံတား တစ်စင်းနှင့်တံတားသို့ချဉ်းကပ်လမ်းဆောက်လုပ်ရန် ပံ့ပိုးပေးခဲ့ပါ သည်။ စီမံကိန်းသည် အနီးအနား ၃၆ ရွာမှ ကျောင်းသူ/သား၊လူနာနှင့်လယ်သမားများအပါအ၀င် ဒေသခံ (၅၀,၀၀၀) ကို အကျိုးခံစားမှုဖြစ်ပေါ်စေပါမည်။ ဤစီမံကိန်းအားဖြင့် အခြေခံလူမှုဖွံ့ဖြိုးရေးအခြေအနေပိုမိုကောင်းမွန်လာမည် သာမက၊ ထိုကျေးလက်ဒေသစီးပွားရေးလုပ်ငန်းကိုလည်း ပိုမိုကောင်းမွန်လာစေမည်ဖြစ်သည်။

ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၂၆)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၂၈)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၂)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၃၃)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေ လိမ့်မည်ဟုမျှော်လင့်လျက်ရှိပါသည်။