ဂျပန်နိုင်ငံအစိုးရ၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ဧရာဝတီတိုင်း၊မကွေးတိုင်းနှင့်ပဲခူးတိုင်းဒေသကြီးများတွင် အမေရိကန်ဒေါ်လာ (၄၄၅,၅၂၆)တန်ဖိုးရှိသော လမ်းနှင့်စာသင်ကျောင်းနှစ်ကျောင်းထောက်ပံ့မှု
၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ(၂၄) ရက်

မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H. E. Mr. Tateshi HIGUCHI နှင့် သက်ဆိုင်ရာတိုင်းဒေသ ကြီးသုံးခုမှကော်မတီဥက္ကဌတို့သည် စီမံကိန်းသုံးခုအတွက် အထောက်အပံ့ပေးရေးသဘောတူစာချုပ်များကို ယနေ့လက်မှတ်ရေးထိုးကြပါသည်။ ဂျပန်နိုင်ငံအစိုးရသည်၎င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ် အရ စီမံကိန်းသုံးခုအတွက်အမေရိကန်ဒေါ်လာ(၄၄၅,၅၂၆)ကို လူသားချင်းစာနာထောက်ထားမှုအထောက် အပံ့အဖြစ်ပေးအပ်ခဲ့ရာ အဆိုပါစီမံကိန်းများမှာ-

၁။ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ရွာသာကုန်းကျေးရွာလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ(၁၀၂,၀၂၃)၊
၂။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ စာသင်ကျောင်းနှစ်ဆောင်ဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၉၆,၁၁၄) နှင့်
၃။ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ကတုတ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဆောက်လုပ် ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၄၇,၃၈၉) တို့ဖြစ်ကြပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ရွာသာကုန်းကျေးရွာသည် ၁၈၆၅ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ မြစ်ချောင်းကမ်းဘေးတွင်တည်ရှိပါသည်။
လက်ရှိကျေးရွာလမ်းသည်မြေသားလမ်းဖြစ်ပြီး၊ ရွာသာကုန်းကျေးရွာမှ အခြားသုံးရွာကိုဖြတ်ပြီး၊ ကျောင်းကုန်းမြို့ပေါ်သွားသောလမ်းဖြစ်ကာ မိုးရာသီများတွင် ရေကျော်ပါသည်။ ဤကဲ့သို့ သောအခြေအနေများတွင် ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လက်ရှိလမ်းကိုအဆင့်မြှင့်တင်ရန် ပံ့ပိုးပေးမည်ဖြစ်ပါသည်။ ပံ့ပိုးပေးသောလမ်းကြောင့် အနီးအနားကျေးရွာများမှ လယ်သမားများ သီးနှံထွက်ကုန်များကိုဈေးကွက်သို့သယ်ယူပို့ဆောင်လာနိုင်ပြီး၊ ရေကြီးသောအချိန်များတွင်ပါ ကျောင်းသား/သူများ အန္တရာယ်ကင်းစွာကျောင်းသွားလာနိုင်မည်ဖြစ်သည်။ စီမံကိန်းသည် ပတ်ဝန်းကျင်(၆)ရွာ၊ အိမ်ထောင်စု(၆၀၈)မှ၊ လူဦးရေ(၂,၄၃၅)ဦး ကို အကျိုးခံစားမှုဖြစ်ပေါ်စေပါမည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဆုံကုန်းကျေးရွာ၊ အမှတ်(၁၄)အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းဆောင်နှစ်ဆောင်မှာ ကျဉ်းကျပ်ပြီး၊ ပျက်စီးယိုယွင်းလာခဲ့ပါသည်။ ကျောင်းသား/သူများသည် ခြောက်သွေ့ ရာသီများတွင် သစ်ပင်ကြီး၏အရိပ်များအောက်တွင်စာသင်ကြားခဲ့ကြရပါသည်။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ နယ်၊ အမှတ်(၅၅)အခြေခံပညာမူလတန်းလွန်ကျောင်းဆောင်မှာ ပျက်စီးယိုယွင်းလာပြီး၊ သစ်သားများ ဆွေးမြေ့ လာသဖြင့်၊ တိုင်နှင့်ထုပ်တန်းများသာကျန်ရှိသဖြင့်၊ ကျောင်းသား/သူများသည် ကျေးလက်ကျန်းမာရေးဆေးပေး ခန်းတွင် စာသင်ကြားနေခဲ့ကြရပါသည်။ ဤကဲ့သို့သောအခြေအနေများတွင် ဂျပန်နိုင်ငံအစိုးရမှ ဆုံကုန်းကျေးရွာ အမှတ်(၁၄)မူလတန်းလွန်ကျောင်းအတွက် အိမ်သာ(၅)လုံးနှင့် ကျောင်းသုံးပရိဘောဂအစုံအလင်ပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်နှင့် ရှားတောကျေးရွာအမှတ်(၅၅)မူလတန်းကျောင်းအတွက် အိမ်သာ(၃)လုံး၊လျှောက်လမ်းနှင့်ကျောင်းသုံး ပရိဘောဂအစုံအလင်ပါဝင်သော သံကူကွန်ကရစ်တစ်ထပ် စာသင်ဆောင်တစ်ဆောင်တို့ကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် စာသင်ကျောင်းနှစ်ကျောင်းမှ ကျောင်းသား /သူ(၅၉၀)ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေပါမည်။

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ကတုတ်အခြေခံပညာအထက်တန်းကျောင်းသည် ပတ်ဝန်းကျင်(၁၅)ကျေးရွာ တွင် တစ်ခုတည်းသောအထက်တန်းကျောင်းဖြစ်ပါသည်။ ကျောင်းသားအပ်နှံလိုသောဦးရေမှာ တစ်နှစ်ထက်တစ်နှစ် တိုးပွားလာသော်လည်း၊ တိုးပွားလာသောကျောင်းသားများအတွက် စာသင်ခန်းလုံလောက်မှုမရှိသဖြင့်၊ ကျောင်း ကော်မတီမှကျောင်းသားသစ်များကို လက်ခံနိုင်ခြင်းမရှိခဲ့ပါ။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရသည် ကျောင်းသုံးပရိဘောဂအစုံအလင်နှင့်စာသင်ခန်း(၁၀)ခန်းပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ် ဆောင်ဆောက်လုပ်ရန် ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ(၁,၄၆၂)ဦးကို အကျိုးခံစားမှု ဖြစ်ပေါ်စေပါမည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၃၄)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၃၃)ခု၊ ကျန်းမာရေး စောင့်ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၂)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း (၁၃၈)ခု၊ အခြေခံအဆောက်အဦးစီမံကိန်းပေါင်း(၃၆)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိဂျပန်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။