ဂျပန်နိုင်ငံအစိုးရ၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ အမေရိကန်ဒေါ်လာ(၇၄၉,၉၂၆)တန်ဖိုးရှိသော DMU (၁၀)စီးအတွက်ပို့ဆောင်ရေးစရိတ်နှင့်ပြုပြင်ထိန်းသိမ်းရေးသင်တန်းစရိတ်ထောက်ပံ့မှု
၂၀၁၅ခုနှစ်၊ ဇွန်လ (၂၆) ရက်
ဂျပန်နိုင်ငံအစိုးရသည်၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ East Japan Railway Company (JR East) မှရထားပို့ဆောင်ရေးဝန်ကြီးဌာန၊မြန်မာ့မီးရထားသို့လှူဒါန်းသော DMU(၁၀)စီး(KIHA 40 and KIHA 48) အတွက် ပို့ဆောင်ရေးစရိတ်နှင့်ပြုပြင်ထိန်းသိမ်းရေးသင်တန်းစရိတ်အဖြစ် အမေရိကန်ဒေါ်လာ(၇၄၉,၉၂၆)ကို လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့အဖြစ်ပေးအပ်ရာ၊ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှသံအမတ်ကြီး H. E. Mr. Tateshi HIGUCHI နှင့်မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူးဦးသူရိန်ဝင်းတို့သည် ၂၀၁၅၊ဇွန်လ(၂၆) ရက်နေ့တွင် အထောက်အပံ့ပေးရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြပါသည်။

ရန်ကုန်မြို့ပတ်ရထားလိုင်းကို ၁၈၇၇တွင်စတင်ပြေးဆွဲခဲ့ပါသည်။ မြို့ပတ်ရထားခရီးသည်ဦးရေမှာနေ့စဉ် (၁၀၀,၀၀၀) ၀န်းကျင်ခန့်ရှိပါသည်။ မြို့ပတ်ရထားလိုင်းသည်သယ်ယူပို့ဆောင်ရေးနည်းများထဲတွင် ဈေးအသက်သာဆုံးဖြစ်သဖြင့် အသုံးပြုသောခရီးသည်အများစုမှာ ပျံကျဈေးသည်နှင့်ကျောင်းသူ/သားများဖြစ်ကြပါသည်။ ရထားစက်ခေါင်းနှင့် DMU များမှာဟောင်းနွမ်းနေသည့်အပြင်၊ တခါတရံပျက်နေသဖြင့်၊ အချိန်အတိအကျမပြေးဆွဲနိုင်ပါ။

ရထားအသုံးပြုမှုပိုမိုတိုးတက်စေရန်နှင့် ခရီးသည်များအဆင်ပြေချောမွေ့စေရန်၊ ဂျပန်နိုင်ငံအစိုးရ၏အသေးစား စီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ JR East မှ DMU (၁၀)စီးနှင့် ပြုပြင်ထိန်းသိမ်းရေးသင်တန်းစရိတ်တို့ကို လှူဒါန်းခြင်းဖြစ်ပါသည်။ ဤစီမံကိန်းသည် အခြေခံလူတန်းစားများအားထားရာဖြစ်သော ရန်ကုန်မြို့ပတ်ရထားလိုင်း သယ်ယူပို့ဆောင်မှုကို တိုးတက်လာစေရန်ဖြစ်ပါသည်။ ဤစီမံကိန်းသည် နေ့စဉ်ရန်ကုန်မြို့ပတ် ရထားလိုင်းခရီးသည် (၁၀၀,၀၀၀)ဦး၊ တစ်နှစ်လျှင် (၃၀,၀၀၀,၀၀၀)ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေပါမည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၂၇)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၂၈)ခု၊ ကျန်းမာရေး စောင့်ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၂)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း (၁၃၈)ခု၊ အခြေခံအဆောက်အဦးစီမံကိန်းပေါင်း(၃၄)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။