ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းဒေသကြီးများတွင် အမေရိကန်ဒေါ်လာ (၅၀၅,၂၀၄) တန်ဖိုးရှိသော ကျေးလက်ကျန်းမာရေး ဆေးပေးခန်းခွဲနှစ်ဆောင်နှင့် စာသင်ကျောင်းလေးဆောင်ထောက်ပံ့မှု
၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်

မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံရုံးမှသံမှူးကြီး Mr. Ichiro MARUYAMA နှင့် သက်ဆိုင်ရာပြည်နယ်နှင့်တိုင်း ဒေသကြီးများမှကော်မတီဥက္ကဌများသည် စီမံကိန်းငါးခုအတွက် အထောက်အပံ့ပေးရေးသဘောတူစာချုပ်များကို ယနေ့ လက်မှတ်ရေးထိုးကြပါသည်။ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီ အစဉ်အရ စုစုပေါင်းအမေရိကန်ဒေါ်လာ(၅၀၅,၂၀၄)ကို လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့အဖြစ် ပေးအပ်ခဲ့ရာ အဆိုပါစီမံကိန်းများမှာ-

၁. ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ငှက်ပျောတောကျေးရွာအခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၈၅,၆၁၀)၊
၂. မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ထောက်ရှာပင်ကျေးရွာအခြေခံပညာမူလတန်းကျောင်းဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၈၂,၅၁၁)၊
၃. ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းဆောက်လုပ်ရေးစီမံ ကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၄၁,၅၁၃)၊
၎. ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကျေးရွာနှစ်ရွာတွင် ကျေးလက်ကျန်းမာရေးဆေးပေးခန်းခွဲဆောက်လုပ် ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၀၅,၃၁၀) နှင့်
၅. ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ကျောက်အိုင်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းဆောက် လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၉၀,၂၆၀) တို့ဖြစ်ကြပါသည်။

ငှက်ပျောတောကျေးရွာအခြေခံပညာမူလတန်းကျောင်းရှိတစ်ခုတည်းသောစာသင်ဆောင်သည် ဟောင်းနွမ်းဆွေးမြေ့ နေသဖြင့်၊ ကျောင်းသား/သူနှင့်ဆရာ/မများအတွက် လုံခြုံစိတ်ချမှုမပေးနိုင်ပါ။ ၂၀၁၅ ဇူလိုင်လတွင် ၁.၂မီတာထိမြင့် တက်ခဲ့သော ရေဘေးကြောင့် စာသင်ဆောင်နှင့်ပရိဘောဂများဆိုးရွားစွာပျက်စီးခဲ့ပြီး၊ ကျောင်းသား/သူများလေ၊ မိုးဒဏ်ကိုခံရလွယ်ပါသည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း ၆ ခန်းပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင် တစ်ဆောင်၊ ပရိဘောဂနှင့်အိမ်သာများကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်း သည် ကျောင်းသား/သူ ၁၁၈ ဦးကို အကျိုးခံစားစေမည်။

ထောက်ရှာပင်ကျေးရွာအခြေခံပညာမူလတန်းကျောင်းရှိတစ်ခုတည်းသောစာသင်ဆောင်မှာ ၁၉၄၈တွင်ဆောက်လုပ် ခဲ့ပြီး၊ ပြတင်ပေါက်ဘောင်များမရှိဘဲ၊ နံရံများတွင်အပေါက်များဖြစ်နေခဲ့ပါသည်။ ၂၀၁၅ ဇူလိုင်လတွင် ၁.၈မီတာ ထိမြင့်တက်ခဲ့သောရေဘေးကြောင့် စာသင်ဆောင်မှာ ဆိုးရွားစွာပျက်စီးသွားခဲ့ပါသည်။ ဤကဲ့သို့သောအခြေအနေ တွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း ၅ ခန်းပါဝင်သောသံကူကွန်ကရစ်တစ်ထပ် စာသင်ဆောင်တစ်ဆောင်၊ ပရိဘောဂအစုံအလင်နှင့် မိလ္လာများကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၆၆ဦးကို အကျိုး ခံစားစေမည်။

အမှတ်(၂) ဟင်္သာတအခြေခံပညာအလယ်တန်းကျောင်းရှိ စာသင်ဆောင်သုံးဆောင်သည် ဟောင်းနွမ်းပြီး၊ ကလေးများအတွက် မလုံခြုံတော့ပါ။ ၎င်းတို့အနက် အဆောင်နှစ်ခုမှာ အန္တရာယ်ဆောင်များအဖြစ်သတ်မှတ်ထား သော်လည်း၊ ပြင်ဆင်ရန်(သို့)အသစ်ဆောက်လုပ်ရန် မတတ်နိုင်သဖြင့်၊ ဆက်လက်အသုံးပြုနေပါသည်။ ဤကဲ့သို့ သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း ၈ ခန်းပါဝင်သော သံကူကွန်ကရစ်တစ်ထပ်စာသင်ဆောင် တစ်ဆောင်၊ ပရိဘောဂအစုံအလင်နှင့် လူသွားလျှောက်လမ်းများကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၃၉၁ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေမည်။

ကော့ဒါန်းမယ်ကျေးရွာနှင့်ရသဝေါကျေးရွာများတွင် ကျေးလက်ကျန်းမာရေးဆေးပေးခန်းခွဲအဖြစ် လူနေအိမ်များကို အသုံးပြုနေရပါသည်။ ၀န်ထမ်းအိမ်ယာ၊ ဆေးသိုလှောင်ခန်းနှင့်သားဖွားခန်းများမရှိသည့်အခက်အခဲကိုလည်း ရင်ဆိုင်နေရပါသည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ ကျေးလက်ကျန်းမာရေးဆေးပေးခန်းခွဲ နှစ်ဆောင်၊ ၀န်ထမ်းအိမ်ယာနှစ်ဆောင်၊ ပရိဘောဂနှင့်ဆေးခန်းသုံးပစ္စည်းများကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်း သည် ကျေးရွာ ၁၀ရွာမှ ဒေသခံ ၆,၁၆၈ဦးကို အကျိုးခံစားစေပါမည်။

ကျောက်အိုင်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းမှစာသင်ဆောင်နှစ်ဆောင်သည် ဟောင်းနွမ်းပြီး၊ဆွေးမြေ့ နေပါသည်။ ကျောင်းသား/သူများအတွက် လုံလောက်သောစာသင်ခန်းနှင့်ပရိဘောဂများမရှိပါ။ ဇူလိုင်လနှင့်သြဂုတ် လများတွင်ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ကျောင်းဆောင်အခင်းနှင့်မိလ္လာများရေနှင့်မျောပါသွားခဲ့ပါသည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း ၆ ခန်းပါဝင်သော သံကူကွန်ကရစ်တစ်ထပ်စာသင် ဆောင်တစ်ဆောင်၊ ပရိဘောဂနှင့်မိလ္လာများကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၂၄၄ဦးကို အကျိုးခံစားစေပါမည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၅၅)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၅၁)ခု၊ ကျန်းမာရေး စောင့်ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၅)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း (၁၃၈)ခု၊ အခြေခံအဆောက်အဦးစီမံကိန်းပေါင်း(၃၆)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။