မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI နှင့် သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသ ကြီးများမှ ကော်မတီဥက္ကဌများသည် စီမံကိန်းလေးခုအတွက် အထောက်အပံ့ပေးရေးသဘောတူစာချုပ်များကို ယနေ့လက်မှတ်ရေးထိုးကြပါသည်။ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ် အရ စုစုပေါင်းအမေရိကန်ဒေါ်လာ(၅၂၁,၃၀၇)ကို လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့အဖြစ်ပေးအပ်ခဲ့ ရာ အဆိုပါစီမံကိန်းများမှာ-
၁. မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ဘုန်းတော်ကြီးသင်မူလတန်းလွန်ကျောင်းဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၈၇,၃၅၄)၊၂. ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မီးတိုင်တောကျေးရွာတံတားဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၃၅,၈၂၁)၊
၃. ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာတိုက်နယ်ဆေးရုံဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၀၃,၈၂၅)နှင့်
၎. ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပျားမွတ်လျှော်ချောင်းကျေးရွာအခြေခံပညာအထက်တန်း ကျောင်းဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၉၄,၃၀၇) တို့ဖြစ်ကြပါသည်။
စကျင်ဘုန်းတော်ကြီးသင်မူလတန်းလွန်ကျောင်းကို ၂၀၁၄ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော်လည်း၊ ငွေကြေးအခက် အခဲကြောင့် ကိုယ်ထူကိုယ်ထ အဆောက်အဦးမဆောက်လုပ်နိုင်ခဲ့ပါ။ ကျောင်းသား/သူများသည် ဟောင်းနွမ်းပြီး၊ အန္တရာယ်များသော ဘုန်းကြီးကျောင်းများတွင် စာသင်နေခဲ့ရပါသည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံ အစိုးရမှ စာသင်ခန်း ၆ ခန်းပါဝင်သောသံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်၊ ပရိဘောဂအပြည့်အစုံနှင့် သန့်စင်ခန်းများကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၄၀၈ဦးကို အကျိုးခံစားမှုဖြစ်ပေါ် စေမည်။
မီးတိုင်တောကျေးရွာတံတားသည် မုန်းချောင်းပေါ်တွင်တည်ရှိပြီး၊ စာသင်ကျောင်းများ၊ဆေးရုံနှင့်ဈေးများတည်ရှိရာ အနီးဆုံးမုန်းမြို့သို့သွားရာ အဓိကအသုံးပြုသည့်တံတားဖြစ်သည်။ သို့သော်လည်း တံတားကိုသစ်တိုစများဖြင့် ဆောက်လုပ်ထားပြီး၊ အပေါက်ငယ်များဖြစ်ပေါ်နေရာ၊ ခြေလျင်နှင့်မော်တော်ဆိုင်ကယ်ဖြင့်ဖြတ်သန်းသွားလာသူများ အတွက် လုံခြုံမှုမရှိပါ။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ ၁၀၈မီတာရှည်လျားသောစတီးလ်ယက်မ ဖြင့်ပြုလုပ်သောတံတားကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ပတ်ဝန်းကျင် ၅ရွာမှ ဒေသခံ ၆,၀၄၈ဦးကို အကျိုး ခံစားစေမည်။
ပင်းဘော်ကျေးရွာတိုက်နယ်ဆေးရုံသည် ကျေးရွာ ၂၀ရွာကိုစောင့်ရှောက်ပေးနေသော်လည်း၊ လူနာခန်းများမှာကျဉ်း မြောင်းသဖြင့်၊ ဆေးရုံတက်လူနာများကို နေရာချပေးရန်အခက်အခဲရှိနေပါသည်။ ထို့အပြင်ဆေးရုံတွင် လုံလောက် သောပရိဘောဂနှင့်ခုံတန်းရှည်များမရှိပါ။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ သံကူကွန်ကရစ် တစ်ထပ်ဆေးရုံတစ်ဆောင်၊ ပရိဘောဂများနှင့် ဆေးရုံသုံးပစ္စည်းများကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် အနီး အနားကျေးရွာ ၂၀မှ ဒေသခံ ၁၂၈,၇၄၃ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေပါမည်။
ပျားမွတ်လျှော်ချောင်းအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများတိုးလာသော်လည်း စာသင်ခန်း များလုံလောက်မှုမရှိသဖြင့်၊ ကျောင်းသား/သူများကျဉ်းကျပ်စွာ စာသင်ခဲ့ရပါသည်။ ထို့အပြင် ကျောင်းဆောင် တစ်ဆောင်သည် လွန်စွာဟောင်းနွမ်းနေပြီး၊ ၂၀၀၈တွင်ဖြစ်ပွားခဲ့သောဆိုင်ကလုန်းနာဂစ်ကြောင့် သစ်သားတိုင်များ အက်ကွဲနေပါသည်။ ဤကဲ့သို့သောအခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း ၈ ခန်းပါဝင်သောသံကူ ကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်၊ ပရိဘောဂအစုံအလင်နှင့်သန့်စင်ခန်းများကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းသား/သူ ၈၂၀ဦးကို အကျိုးခံစားမှုဖြစ်ပေါ်စေမည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၇၄)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၆၇)ခု၊ ကျန်းမာရေး စောင့်ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၆)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း (၁၃၈)ခု၊ အခြေခံအဆောက်အဦးစီမံကိန်းပေါင်း(၃၈)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
|
|
|
|

No.100 Natmauk Road, Bahan Township, Yangon
01-549644~8