ဂျပန်နိုင်ငံအစိုးရ၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ရေဘေးသင့်စာသင်ကျောင်းများပြန်လည်တည်ဆောက်ရန် တောင်းဆိုထားသောကျောင်းများမှ ပထမဦးဆုံးသော စာသင်ကျောင်းတစ်ဆောင်ပြန်လည်တည်ဆောက်ခြင်း
၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်

၁။ ၂၀၁၅ခုနှစ်တွင် ကိုမန်ဆိုင်ကလုန်းကြောင့် ပျက်စီးခဲ့သော စာသင်ကျောင်းများပြန်လည်တည်ဆောက်ရန် မြန်မာနိုင်ငံအစိုးရမှ ဂျပန်နိုင်ငံအစိုးရသို့ တောင်းဆိုထားသောကျောင်းပေါင်း ၄၉၃ ကျောင်းအတွက် ဂျပန်နိုင်ငံအစိုးရမှ ယန်းငွေ ၁.၂ ဘီလီယံ ထောက်ပံ့ခဲ့ပါသည်။

၂။ ယနေ့တွင် ပထမဦးဆုံးသော စာသင်ကျောင်းတစ်ဆောင်ပြန်လည်တည်ဆောက်ခြင်းမှာ ပြီးမြောက်ခဲ့သောကြောင့် လွှဲပြောင်းပွဲအခမ်းအနားကို မကွေးမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

၃။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှသံမှူး Mr. Hideaki MATSUO ၊ မကွေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်း၊ အခြေခံပညာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

၎။ ဇူလိုင်လ၊ ၂၀၁၅တွင်ဖြစ်ပွားခဲ့သောရေဘေးဒဏ်ကြောင့် စာသင်ကျောင်းမှာ ယိုယွင်းပျက်စီးလာခဲ့ပြီး၊ ကျောင်းသား/သူများ စာသင်ကြားရန် အန္တရာယ်များခဲ့ပါသည်။ ဤကဲ့သို့သော အခြေအနေတွင် ဂျပန်နိုင်ငံအစိုးရမှ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၃၀‛x၂၄’ တစ်ထပ် စာသင်ဆောင်တစ်ဆောင်၊ ပရိဘောဂအပြည့်အစုံနှင့် သန့်စင်ခန်းကို ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းရှိ ကျောင်းသား/သူ ၂၀၀ဦးကို အကျိုးခံစားစေပြီး၊ ဒေသအတွင်းသဘာဝဘေးအန္တရာယ်ကာကွယ်ရေးကို တိုးတက်စေမည်ဖြစ်သည်။