
မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI နှင့် ကျောင်းဆောက်လုပ်ရေးကော်မတီဥက္ကဌ တို့သည် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ပင်းလောင်းကျေးရွာအခြေခံပညာမူလတန်းကျောင်းဆောက်လုပ်ရေး စီမံကိန်းအတွက် အထောက်အပံ့ပေးရေးသဘောတူစာချုပ်ကို ယနေ့လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါ သဘောတူစာချုပ်အရ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်း အမေရိကန်ဒေါ်လာ(၁၃၅,၉၃၀)ကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။
စီမံကိန်းသည် မြန်မာနိုင်ငံအစိုးရမှဂျပန်နိုင်ငံအစိုးရသို့ စာသင်ကျောင်းများပြန်လည်တည်ဆောက်ရန်နှင့်ပြုပြင်ရန် တောင်းဆိုထားသော ရေဘေးဒဏ်ခံစာသင်ကျောင်း ၄၉၃ကျောင်းတွင် အပါအ၀င်ဖြစ်ပါသည်။
ပင်းလောင်းကျေးရွာအခြေခံပညာမူလတန်းကျောင်းရှိစာသင်ဆောင်သည် ၂၀၁၅၊သြဂုတ်လတွင်ဖြစ်ပွားခဲ့သောလေ ဆင်နှာမောင်းဒဏ်ကြောင့် လုံးဝပျက်စီးသွားခဲ့ပါသည်။ ၎င်းနောက် ကျောင်းသား/သူများသည် သစ်သားဟောင်းများ ဖြင့်ဆောက်လုပ်ထားသောယာယီအဆောက်အအုံများအတွင်း၊ စာသင်ပရိဘောဂများမလုံမလောက်ဖြင့် ခက်ခဲစွာစာ သင်နေခဲ့ကြရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း၎ခန်းနှင့်ကျောင်းသုံး ပရိဘောဂအပြည့်အစုံပါဝင်သောသံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်၊ သန့်စင်ခန်းနှင့်ရေသွယ်ယူရေး အတွက်ပါ ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသား/သူ ၄၄ဦးနှင့် ကျောင်းဆရာ/မ ၄ဦးကိုပါ အကျိုးခံစားစေမည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၇၇၉)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၇၁)ခု၊ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၆)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံအဆောက်အဦးစီမံကိန်းပေါင်း(၃၉)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။