ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr. Kishida နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့၏ဆွေးနွေးပွဲ

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr. Fumio Kishida သည် နိုင်င်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုဝင်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်မှစတင်ပြီး မိနစ် ၄၀ ခန့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဤဆွေးနွေးပွဲ အကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။

၁) အဖွင့်အမှာစကား
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr. Kishida သည် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်း ရှေးဦးစွာပြောကြားခဲ့ပါသည်။ Mr. Kishida သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ယခင်နေထိုင်ခဲ့ဖူးသော ကျိုတိုမြို့သို့ သွားရောက်လည်ပတ်ပြီး တက္ကသိုလ်တစ်ခုတွင် မိန့်ခွန်းပြောကြားထားပြီး သူ၏ ယခုဂျပန်ခရီးစဉ်သည် ပြည့်စုံသောခရီးစဉ် ဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ယမန်နေ့ကပြုလုပ်ခဲ့သော ဂျပန်နိုင်ငံဝန်ကြီးချုပ် Mr. Shinzo Abe နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့၏ဆွေးနွေးပွဲသည် ပွင့်လင်းပြီးအဓိပ္ပာယ်ပြည့်ဝသော ဆွေးနွေးပွဲဖြစ်ခဲ့ကြောင်း ၂၀၁၆ခုနှစ် ဇူလိုင်လက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး လေးလခန့်အကြာတွင် ထပ်မံ တွေ့ဆုံနိုင်သည့်အတွက် ဝမ်းမြောက်ကြောင်း၊ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ဒီမိုကရေစီ၊ အခြေခံလူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး တို့၏ တန်ဖိုးများကိုမျှဝေကြသည့် အရေးကြီးသော မိတ်ဖက်နိုင်ငံများဖြစ်ပြီး ဂျပန်နိုင်ငံသည် အစိုးရပုဂ္ဂလိကပူးပေါင်း၍ မြန်မာနိုင်ငံကို အစွမ်းကုန် ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း Mr. Kishida က ထုတ်ဖော်ပြောကြားပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဂျပန်နိုင်ငံသို့လာရောက် လည်ပတ်ခြင်းကို အားရကျေနပ်ကြောင်း ၊ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ အစိုးရသစ်၏ အခြေအနေကို အပြည့်အဝနားလည်ပြီး ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မိတ်ဆွေများ အဖြစ်ဆက်လက်၍ ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။

၂) နှစ်နိုင်ငံဆက်ဆံရေး နှင့် အခြားအချက်များ
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr. Kishida က အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်။
(က) မဲခေါင်ဒေသနှင့် အိန္ဒိယနိုင်ငံတို့အကြား ချိတ်ဆက်မှု ခိုင်မာရေးနှင့် စပ်လျဉ်း၍ ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Kishida က မဲခေါင်ဒေသ ချိတ်ဆက်မှုမြှင့်တင်ရာတွင် ဂျပန်နိုင်ငံက ထောက်ပံ့နိုင်မည့် ခိုင်မာသောစီမံကိန်းများနှင့်ပတ်သက်၍ ဆွေးနွေးရန်ဆန္ဒရှိကြောင်း၊ တရားဥပဒေ စိုးမိုးမှုနှင့် ဒီမိုကရေစီကို လေးစားသည့် အိန္ဒိယနိုင်ငံနှင့် ချိတ်ဆက်မှုမြှင့်တင်ခြင်းသည် စီးပွားရေးအရသာမက မဟာဗျူဟာအရပါ မြန်မာနိုင်ငံအတွက် အရေးကြီးကြောင်း Mr. Kishida က ရှင်းလင်းပြောကြားခဲ့ပါသည်။

(ခ) ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ Mr. Kishida က ပြီးခဲ့သည့်လက နယ်ခြားစောင့်တပ်များ တိုက်ခိုက်ခံရကြောင်း မည်သည့် အကြမ်းဖက်မှုမျိုးမှ လက်ခံနိုင်စရာအကြောင်းမရှိကြောင်း ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို ဂျပန်နိုင်ငံက ကြိုဆိုပါကြောင်း၊ မတူညီသော လူ့အသိုင်းအဝိုင်းနှစ်ခုအကြား တင်းမာမှုများ လျော့နည်းသွားစေရန်အတွက် မြန်မာနိုင်ငံ၏ ကြိုပမ်းအားထုတ်မှုများကို ထောက်ပံ့ရန်အတွက် ယခင်ကထောက်ပံ့ရန် ကြေညာထားသည့် ဒုက္ခသည်များအတွက် အစားအစာနှင့် ခရီးသည်တင်တစ်ပတ်ရစ်ရေယာဉ် နှစ်စီးအပြင် ရေယာဉ်အသစ်တစ်စီး ပေးအပ်လိမ့်မည်ဖြစ်ကြောင်း Mr. Kishida က ပြောကြားပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားရာတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် အစဉ်အလာအားဖြင့် မိတ်ဆွေများဖြစ်ကြပြီး နှစ်နိုင်ငံ ချိတ်ဆက်မှုမြှင့်တင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စသည် အလွန်အမင်းသိမ်မွေ့ပြီး သတိကြီးစွာဖြင့်လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ၊ မြန်မာနိုင်ငံအစိုးရသည် ရခိုင်ပြည်နယ်အရေးကိစ္စကို တရားဥပဒေစိုးမိုးမှုနှင့်အညီ ဖြေရှင်းလျက်ရှိပြီး ဂျပန်နိုင်ငံ၏ ရေယာဉ် လှူဒါန်းထောက်ပံ့မှုသည် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် သယ်ယူပို့ဆောင်ရေးအတွက်သာမက ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အထောက်အကူပြုလိမ့်မည်ဖြစ်ကြာင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောကြားခဲ့ပါသည်။

၃) ဒေသတွင်းနှင့် နိုင်ငံတကာ အရေးကိစ္စများ
(က)တူညီသော တန်ဖိုးများကို မျှဝေသည့် မိတ်ဖက်နိုင်ငံများအဖြစ် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် တောင်တရုတ် ပင်လယ်အရေးကိစ္စ၊ မြောက်ကိုရီးယား နျူကလီးယားကိစ္စ၊ ဒုံးကျည်ကိစ္စနှင့် ပြန်ပေးဆွဲသည့် ကိစ္စရပ်များစသည့် ဒေသဆိုင်ရာ ပြဿနာများကို ဥပဒေ စိုးမိုးမှုခိုင်မာစေရေး ရှူထောင့်မှနေ၍ အတူတကွ ပူးပေါင်းဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr. Kishida က ပြောကြားခဲ့ပါသည်။
လွန်ခဲ့သော မေလတွင် မြန်မာနိုင်ငံသို့လာရောက်လည်ပတ်စဉ် မေတ္တာရပ်ခံခဲ့သော နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ် (CTBT) ကို မြန်မာနိုင်ငံ ကအတည်ပြုလက်မှတ်ရေးထိုးရန် ဆုံးဖြတ်ချက်ကိုကြိုဆိုပြီး ယင်းစာချုပ် အမြန်ဆုံးအသက်ဝင်နိုင်ပြီး ကမ္ဘာနိုင်ငံအားလုံးပါဝင်နိုင်ပြီး တစ်ကမ္ဘာလုံးအကြွင်းမဲ့ပျံ့နှံ့သွားစေရန်အတွက် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း၊ ထို့အပြင်၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာရှဥရောပ ဆွေးနွေးပွဲ(ASEM) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr. Kishida က ပြောဆိုခဲ့ပါသည်။

(ခ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငအနေဖြင့် နိုင်ငံတကာနှင့် ဒေသတွင်း အရေးကိစ္စ္စများကို ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။