ဂျပန်နိုင်ငံမှ မီးငြိမ်းသတ်ယာဉ်လေးစီးအတွက် အမေရိကန်ဒေါ်လာ ၁၈,၃၆၉ လှူဒါန်းခြင်း
၂၀၁၇ခုနှစ်၊ မတ်လ (၂၃) ရက်

ဂျပန်နိုင်ငံအစိုးရသည်၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်(GGP)အရ မြန်မာနိုင်ငံမီးသတ်ဦးစီး ဌာနအတွက် ဂျပန်-မြန်မာနိုင်ငံရေးနှင့်စီးပွါးရေးဖွံ့ဖြိုးမှုအဖွဲ့အစည်းမှလှူဒါန်းသော မီးငြိမ်းသတ်ယာဉ်လေးစီးကို သယ်ယူစရိတ်အမေရိကန်ဒေါ်လာ(၁၈,၃၆၉)ဖြင့် လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့အဖြစ် ပေးအပ်ရာ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှသံအမတ်ကြီး H.E. Mr. Tateshi HIGUCHI နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကြည်ဝင်းတို့မှ အထောက်အပံ့ပေးရေး သဘောတူစာချုပ်ကို ယနေ့ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီးတွင်လူဦးရေတိုးတက်လာသည်နှင့်အမျှမီးလောင်ကျွမ်းမှုအရေအတွက်သည်လည်း နှစ်စဉ်တိုး လာပြီး မီးလောင်ကျွမ်းမှုများကြောင့် ပိုင်ဆိုင်မှုဆုံးရှုံးပျက်စီးမှုများ ကြီးမားစွာကြုံတွေ့နေရသဖြင့် မြန်မာနိုင်ငံ၏ တိုးတက်မှုအရှိန်ကို ဟန့်တားလျက်ရှိပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနသို့ မီးငြိမ်းသတ်ယာဉ်လေးစီးကိုထောက်ပံ့ပေးခြင်းဖြစ်ပါသည်။

ယင်းစီမံကိန်းကိုအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏အသက်ကယ်ဆယ်ရေး လုပ်ငန်းများ ပိုမိုအကျိုးရှိ အောင်မြင်လာမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်ကျရောက်သောအခါများတွင် ဂျပန် နိုင်ငံအသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်၊ ဂျပန်-မြန်မာနိုင်ငံရေးနှင့်စီးပွါးရေးဖွံ့ဖြိုးမှုအဖွဲ့အစည်းမှ လှူဒါန်းသော မီးသတ်ယာဉ်များကိုအသုံးပြုပြီး ပိုမိုမြန်ဆန်ထိရောက်စွာ တန်ပြန်လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ပြည်သူများအတွက်လုံခြုံစိတ်ချရသော နေထိုင်မှုပတ်ဝန်းကျင်ရရှိရန်နှင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်တွင် အထောက်အကူပြုနိုင်မည်ဖြစ်သည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၈၂၂)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၀၀)ခု၊ ကျန်းမာရေး စောင့်ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း (၁၉၉)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း (၁၃၈)ခု၊ အခြေခံအဆောက်အဦးစီမံကိန်းပေါင်း(၅၀)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။