ဂျပန်နိုင်ငံမှ ရခိုင်ပြည်နယ်အတွက် လူစီးရေယာဉ် ကစ္ဆပနဒီ(၁) လှူဒါန်းခြင်း
၂၀၁၇ခုနှစ်၊ မတ်လ (၂၉) ရက်

၂၀၁၇ ခုနှစ် မတ်လ ၂၉ ရက် နေ့တွင် ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းတွင် ဂျပန်နိုင်ငံအစိုးရက မြန်မာနိုင်ငံ အစိုးရသို့ ရခိုင်ပြည်နယ် အတွက် လှူဒါန်းထောက်ပံ့သောလူစီးရေယာဉ် ကစ္ဆပနဒီ(၁) လွှဲပြောင်း ပေးအပ်သည့် အခမ်းအနားကို ကျင်းပခဲ့သည်။

ဂျပန်နိုင်ငံ၏လူမှုစီးပွားရေးဖွံဖြိုးတိုးတက်စေရေးစီမံကိန်းဖြင့် ရခိုင်ပြည်နယ်သို့ လူစီးရေယာဉ်(၃)စီး ( တစ်ပတ်ရစ်ရေယာဉ် နှစ်စီးနှင့် ရေယာဉ်အသစ် တစ်စီး)ထောက်ပံ့သည့် အစီအစဉ်အရ လှူဒါန်းခြင်းဖြစ်ပြီး ရခိုင်ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေစေရန်နှင့် လုံခြုံမှုပိုမိုရရှိစေရန် ရည်ရွယ်ပါသည်။ယခုအကြိမ်သည် ပထမဦးဆုံးရေယာဉ်ကိုလှူဒါန်းခြင်းဖြစ်ပြီး ကျန်နှစ်စီးကို လည်းမကြာမီဆက်လက်လှူဒါန်းနိုင်ရန် စီစဉ်လျက်ရှိပါသည်။ လူစီး ရေယာဉ်(၃)စီး ကုန်ကျစရိတ်စုစုပေါင်းမှာ ဂျပန်ယန်း(၁.၅) ဘီလီယံ ခန့်ရှိပါသည်။

ဤလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ၊ ရခိုင်ပြည်နယ် လျှပ်စစ်၊စက်မှု နှင့် ပို့ဆောင်ရေးဝန်ကြီးဦးအောင်ကျော်ဇံ နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ တာတေးရှိ ဟိဂုချိ တို့လည်းတက်ရောက်ခဲ့ကြသည်။

ဂျပန်သံအမတ်ကြီးက မြစ်ချောင်းပေါများသော ရခိုင်ပြည်နယ်တွင် ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းသည် အရေးကြီးသည့်လုပ်ငန်းဖြစ်သည့်အားလျော်စွာ ကစ္ဆပနဒီ(၁) သည် ဒေသခံပြည်သူများ ခရီးသွားလာရာ တွင် လက်တွေ့အသုံးချနိုင်လိမ့်မည်ဟုမျှော်လင့်မိပါကြောင်း မိန့်ခွန်းပြောကြားပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးသန့်စင်မောင်ကလည်း ဂျပန်မှ ရေကြောင်း ဆိုင်ရာပညာရှင်များက ရခိုင်ပြည်နယ် ရေကြောင်းခရီးလမ်းများကို လေ့လာပြီး လိုက်လျောညီထွေ ဖြစ်မည့် ရေယာဉ်များကို ရွေးချယ်ပေးမှုအတွက် ဂျပန်အစိုးရအား ကျေးဇူးတင်ရှိကြောင်း ကျေးဇူးတင်စကားပြောကြားသွားပါသည်။

ဂျပန်အစိုးရအနေဖြင့် ယခုစီမံကိန်းသာမက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုများ အတွက်လည်း ကဏ္ဍအသီးသီးတွင်ထောက်ပံ့ကူညီသွားဦးမည်ဖြစ်ပါသည်။