ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ(၃၃၄,၉ဝ၂) ပေးအပ်ခဲ့ပါသည်။ အဆိုပါစီမံကိန်းများမှာ-
၁) ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာ တိုက်နယ်ဆေးရုံဆောက်လုပ်ရေး စီမံကိန်းအတွက်
အမေရိကန်ဒေါ်လာ (၁ဝ၃,၈၂၅) နှင့်
၂) ကချင်ပြည်နယ်၊ မိုးညုင်းမြို့နယ်၊ ပင်းဟဲကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲ ဆောက်လုပ်ရေး
စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၂၃၁,ဝ၇၇) တို့ဖြစ်ကြပါသည်။
အထက်ပါစီမံကိန်းများ လွှဲပြောင်းပွဲအခမ်းအနားများကို ၂ဝ၁၇ ခုနှစ် မေလ၂၄ နှင့် ၂၅ ရက်နေ့များတွင် မိုးကောင်းနှင့် မိုးညှင်းမြို့နယ်များ၌ အသီသီးကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှဒုတိယ အတွင်းဝန် Mr. Hideaki HIGASHI ၊ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံ၊ ဆောက်လုပ်ရေး စီမံကိန်းများမှ ကော်မတီဥက္ကဌများနှင့် ကော်မတီ အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
ပင်းဘောကျေးရွာတိုက်နယ်ဆေးရုံသည် လူနာခန်းအရေအတွက်မလုံလောက်မှုကြောင့် အချို့သောလူနာများမှာ ဆေးရုံဝရံတာ၏ ခုံတန်းရှည်များပေါ်တွင် ဆေးကုသမှုခံယူခဲ့ရပါသည်။ ထို့အပြင် အမျိုးသမီးလူနာများမှာ အမျိုးသား လူနာခန်းများတွင် ဆေးကုသမှုခံယူခဲ့ရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် ဂျပန်အစိုးရသည် ပရိဘောဂများ ပါဝင်သော တစ်ထပ်သံကူကွန်ကရစ်တိုက်နယ်ဆေးရုံတစ်ဆောင် ထောက်ပံ့ပေးခဲ့ပါသည်။ စီမံကိန်းသည် ကျေးရွာ (၂ဝ)တွင် နေထိုင်သူစုစုပေါင်း(၁၂၈,၇၄၃)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။
ပင်းဟဲကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၏ ကျောင်းဆောင်နှစ်ဆောင်မှာ ယိုယွင်းပျက်စီးနေသော်လည်း ကျောင်းသူ/သားများသည် အန္တရာယ်ရှိသောအနေအထားတွင် စာသင်ကြားခဲ့ရပါသည်။ အဆိုပါအခက်အခဲကို ဖြေရှင်းရန် ဂျပန်အစိုးရသည် စာသင်ခန်း(၁၄)ခန်း၊ သန့်စင်ခန်း(၈)ခန်းနှင့် ကျောင်းပရိဘောဂအပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ်ကျောင်းဆောင်တစ်ဆောင် ထောက်ပံ့ပေးခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသူ/ သား (၆ဝ၃)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်းပေါင်း(၈၂၃)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄ဝဝ)ခု၊ ကျန်းမာရေး စောင့်ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၉)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင် စီမံကိန်းပေါင်း(၁၃၉)ခု၊ အခြေခံအဆောက်အအုံ စီမံကိန်းပေါင်း(၅ဝ)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |

.jpg)
.jpg)
No.100 Natmauk Road, Bahan Township, Yangon
01-549644~8