ဂျပန်နိုင်ငံဝန်ကြီးချုပ် Mr. Shinzo Abe နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးကြခြင်း

၁။ နှစ်နိုင်ငံအကြားတွေ့ဆုံဆွေးနွေးကြခြင်း

၂၀၁၆ နိုဝင်ဘာလ ၂ရက်နေ့ ညနေပိုင်း ၆နာရီကျော်မှစ၍ မိနစ် ၇၀ ခန့် ဂျပန်နိုင်ငံဝန်ကြီးချုပ် Mr.Shinzo Abe သည် ဂျပန်နိုင်ငံ၏အထူးဧည့်သည်တော်အဖြစ် လာရောက်လည်ပတ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်(H.E. Ms. Aung San Suu Kyi, State Counsellor of the Republic of the Union of Myanmar) နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဆွေးနွေးသည့် ကိစ္စရပ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ အစည်းအဝေးတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr.Fumio Kishida၊ အစိုးရအဖွဲ့ ဒုတိယအတွင်းရေးမှူးချုပ် Mr.Koichi Hagiuda၊ မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံအစိုးရအထူးကိုယ်စားလှယ် Mr.Yohei Sasakawa၊ နိုင်ငံတော်လုံခြုံရေးကောင်စီ ညွှန်ကြားရေးမှူးချုပ် Mr.Shotaro Yachi နှင့် အခြားဌာနဆိုင်ရာ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။


(၁) ပထမဦးစွာ ဂျပန်နိုင်ငံဝန်ကြီးချုပ် Mr. Shinzo Abe က ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံအလည်အပတ်ခရီးစဉ်ကို ကြိုဆိုပါကြောင်း၊ စက်တင်ဘာလက လာအိုနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော အရှေ့အာရှထိပ်သီးအစည်းအဝေးတွင် တွေ့ဆုံပြီးနောက် နှစ်လအကြာတွင် ပြန်လည်တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း၊ ၂၀၁၃ ခုနှစ်နောက်ပိုင်း သုံးနှစ်အကြာတွင် ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်ခြင်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါသည်။ လွတ်လပ်မှု၊ ဒီမိုကရေစီစနစ်၊ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေးဟူသော အခြေခံတန်ဖိုးများကို ဂျပန်နိုင်ငံနှင့်အတူ မျှဝေခံစားသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော နိုင်ငံတော်တည်ဆောက်ရေးလုပ်ဆောင်မှုများအတွက် အထူးပင် လေးစားဂုဏ်ယူမိပါကြောင်း၊ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ မိတ်ဖက်နိုင်ငံအဖြစ် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းပြီး မြန်မာနိုင်ငံအစိုးရသစ်ကို အစွမ်းကုန် ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ပြီး ယခုအကြိမ် ဂျပန်အလည်အပတ်ခရီးစဉ်မှတစ်ဆင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လက်တွဲ၍ နှစ်နိုင်ငံဆက်ဆံရေးကို ဆထက်ထမ်းပိုး တိုးတက်အောင် ဆောင်ရွက်သွားလိုပါကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဧည့်ဝတ်ကျေပွန်မှု အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဂျပန်-မြန်မာနှစ်နိုင်ငံဆက်ဆံရေးသည် ကောင်းမွန်ပြေပြစ်ပြီး အစဉ်အလာရှိသော နှစ်နိုင်ငံဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပြီး ဂျပန်နိုင်ငံသည် ယခင်ကတည်းက မိတ်ဆွေနိုင်ငံအဖြစ် ယုံကြည်ရသော မိတ်ဖက်နိုင်ငံဖြစ်သည့်အတွက် အတူတကွလျှောက်လှမ်းသွားနိုင်မည်ဖြစ်ပါကြောင်း၊ ယခုအချိန်ထိ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အတွက် ဂျပန်နိုင်ငံက ပေးအပ်သော အထောက်အပံ့များအပြင် ဂျပန်နိုင်ငံသားများ၏ နွေးထွေးသော ဝန်းရံအားပေးမှုတို့အတွက် ကျေးဇူးတင်ရှိကြောင်း ပြန်လည် ပြောကြားခဲ့ပါသည်။

(၂) ဆက်လက်၍ ဂျပန်နိုင်ငံဝန်ကြီးချုပ် Mr. Shinzo Abe က အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထူးချွန် ပြောင်မြောက်သော ဦးဆောင်မှုများကို အထူးပင် ချီးကျူးဂုဏ်ပြုမိပါကြောင်း၊ အရေးပေါ်စီမံမှုအက်ဥပဒေ ရုပ်သိမ်းခြင်းစသည့် ဒီမိုကရေစီအသွင်ကူးပြောင်းခြင်း၊ အခြေခံ လူ့အခွင့်အရေးကိုအလေးထားသော မူဝါဒများ ချမှတ်ခြင်း၊ ၂၁ရာစုပင်လုံညီလာခံကို အောင်မြင်စွာကျင်းပနိုင်ခြင်းဖြင့်မြင်တွေ့နိုင်သော ငြိမ်းချမ်းရေးတိုးတက်အောင်မြင်ခြင်း ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်များပြဌာန်းခြင်းအပါအဝင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်များ တည်ဆောက်ခြင်းကို ကြိုဆိုပါကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် အစိုးရသစ်ကို ဘက်ပေါင်းစုံမှ ထောက်ပံ့ကူညီသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ တစ်ဖန် ဂျပန်နိုင်ငံဝန်ကြီးချုပ် Mr.Abe က မြန်မာနိုင်ငံသည် အခြေခံတန်ဖိုးများကို မျှဝေခံစားမည့် မိတ်ဖက်နိုင်ငံဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးပမ်းအားထုတ်မှုများကို အထောက်အကူဖြစ်စေရန်အတွက် အောက်ပါ အချက်(၅)ချက်ကို အလေးထားဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။

(က)အမျိုးသားပြန်လည်သင့်မြတ်ရေး

ဝန်ကြီးချုပ်Mr.Abe က မြန်မာအစိုးရ၏ဦးစားပေးလုပ်ငန်းစဉ်ဖြစ်သည့်အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပတ်သက်၍ နောက်ပိုင်းတွင်လည်း မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံအစိုးရ အထူးကိုယ်စားလှယ် Mr.Yohei Sasakawa နှင့်အတူ လက်တွဲပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ထူးခြားသောလက္ခဏာ ဖြစ်သည့်မတူကွဲပြားမှုများကို အင်အားတစ်ရပ်အဖြစ်ပြောင်းလဲမည့်ကြိုးပမ်းအားထုတ်မှုကိုကြိုဆိုပါကြောင်း ငြိမ်းချမ်းရေးတိုးတက်မှုကို အထောက်အကူပြုစေရန် တိုင်းရင်းသားလူမျိုးစုများနေထိုင်ရာဒေသများသို့ ငါးနှစ်အတွင်း ဂျပန်ယန်းဘီလီယံ၄၀ကိုထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ သိမ်မွေ့သောစိန်ခေါ်မှုကို ရင်ဆိုင်နေရသည့်ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးကို အထောက်အကူပြုမည့်ထောက်ပံ့မှုများကို လည်းပေးအပ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

(ခ) စီးပွားရေးပူးပေါင်းဆောင်ရွက်မှု

ဝန်ကြီးချုပ်Mr.Abeက အမျိုးသားပြန်လည်သင့်မြတ်ရေးကို စီးပွားရေးနယ်ပယ်မှတစ်ဆင့် အထောက်အပံ့ ပေးသွားနိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဘက်ညီမျှတစွာဖွံ့ဖြိုးတိုးတက်ရန်ရည် ရွယ်သောမူဝါဒကို ဘက်ပေါင်းစုံမှထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး “ဂျပန်-မြန်မာ ပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ်” Project List မှာမြို့ပြနှင့်ကျေးလက်ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရေး အတွက်ရည်ရွယ်ထားပြီး ဂျပန်နိုင်ငံအစိုးရဟာ တိုင်းရင်းသားလူမျိုးစုများနေထိုင်ရာဒေသများအတွက် အထောက်အပံ့၊ လယ်ယာစိုက်ပျိုးရေး၊ ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်၊ လေဆိပ်၊ လူ့စွမ်းအား အရင်းအမြစ် ပြုစုပျိုးထောင်ရေးအပါအဝင် အစိုးရ၏အထောက်အပံ့များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများဖြင့် ယခုနှစ်မှစ၍ငါးနှစ်အတွင်းစုစုပေါင်း ဂျပန်ယန်းဘီလီယံ၈၀၀ ပမာဏကိုထောက်ပံ့ သွားမည်ဖြစ်ကြောင်း၊ ထိုတစ်စိတ်တစ်ပိုင်းအဖြစ် ရေအားလျှပ်စစ်ထုတ် စက်ရုံပြုပြင်မွမ်းမံခြင်းနှင့် ပြည်သူ့ဆေးရုံများတိုးချဲ့ခြင်းတို့အတွက် ထောက်ပံ့သွားလိုကြောင်းပြောကြားခဲ့ပါသည်။

(ဂ)ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း

ဝန်ကြီးချုပ်Mr.Abeက စီးပွားရေးမူဝါဒများကိုအောင်မြင်စေမည့် အဓိကသော့ချက်မှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံ မှုမှတစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်းများချဲ့ထွင်ခြင်းနှင့် လူ့စွမ်းအား အရင်းအမြစ်ပြုစုပျိုးထောင်ခြင်း တို့ဖြစ်ပြီး မြန်မာနိုင်ငံအစိုးရနှင့်ပုဂ္ဂလိကလုပ်ငန်းရှင်များ၏တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုမြှင့် တင်ရေးအတွက် ပိုမိုကောင်းမွန်သောစနစ်များထူထောင်နိုင်ရန် ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ သည်နိုင်ငံသူ၊ နိုင်ငံသားများ၏လူနေမှုဘဝအတွက်အကျိုးရှိစေမည့် တာဝန်ယူမှုရှိသည့်ရင်းနှီး မြှုပ်နှံမှုကိုမြှင့် တင်အားပေးရန်အတွက်ကတိပြုပါကြောင်းနှင့် ဤကဲ့သို့ရင်းနှီးမြှပ်နှံရန်ပြယုဂ်တစ်ရပ်အဖြစ် သီလဝါ အထူးစီးပွားရေးဇုန်ကို နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီသည့်ဖွံ့ဖြိုးမှုကိုပိုမိုမြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

(ဃ)နှစ်ဖက်လူငယ်များအကြားအပြန်အလှန်နှီးနှောဖလှယ်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ပြုစုပျိုးထောင်ရေး

ဝန်ကြီးချုပ်Mr.Abeက အနာဂတ်တာဝန်ကိုထမ်းဆောင်မည့် လူငယ်မျိုးဆက်သစ်များ၏ အပြန်အလှန်နှီးနှော ဖလှယ်ရေးနှင့် နည်းပညာလွှဲပြောင်းရေးတို့မှာ အရေးကြီးသည့်အတွက် ယခုအကြိမ် နှစ်နိုင်ငံအစိုးရကြား သဘောတူညီမှုရရှိခဲ့သော နိုင်ငံရပ်ခြားပူးပေါင်းဆောင်ရွက်ရေးလူငယ် စေတနာ့ဝန်ထမ်းများ စေလွှတ် ရေးအစီအစဉ် (Japan Overseas Cooperation Volunteers (JOCV)) ကိုကြိုဆိုပါကြောင်း၊ လာမည့်နှစ် မှစ၍ဂျပန်နိုင်ငံတွင် အလုပ်သင်အခွင့်အလမ်းများပေးအပ်မည့် အဆင့်မြင့်လူ့စွမ်းအားအရင်းအမြစ်ပြုစု ပျိုးထောင်ရေး၊ လူ့စွမ်းအားနှင့်အသိပညာဖလှယ်သည့် Innovative Asiaစီမံကိန်းကိုလည်း စတင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။ တစ်ဖန် အနာဂတ်တွင်တစ်နှစ်လျှင် အယောက်၁၀၀၀အတိုင်းအတာနှီးနှော် ဖလှယ်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရေး လုပ်ငန်းများကို ပြုလုပ်ပြီးမြန်မာနိုင်ငံအတွက်နိုင်ငံ တော်တည်ဆောက်ရေးလုပ်ငန်းစဉ်ကို ကူညီပံ့ပိုးလို ကြောင်းပြောကြားခဲ့ပါသည်။

(င) ဒီမိုကရေစီစနစ်အောက်ရှိ တပ်မတော်၏အခန်းကဏ္ဍ

ဝန်ကြီးချုပ်Mr. Shinzo ABE က ဒီမိုကရေစီစနစ်အသစ်အောက်တွင် တပ်မတော်၏အခန်းကဏ္ဍသည် အရေးပါပြီး ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းတွင်တည်ထောင်ခဲ့သည့် ဂျပန်ကာကွယ်ရေးတပ်ဖွဲ့၏လှုပ်ရှားမှု များတွင် မြန်မာ့တပ်မတော်အတွက် လေ့လာစရာများစွာရမည်ဟုထင်မြင်ပါကြောင်း၊ မြန်မာ့တပ်မတော်နှင့် ဂျပန်ကာကွယ်ရေးတပ်ဖွဲ့တို့သည် အပြန်အလှန်ရင်းနှီးနွေးထွေးသောဆက်ဆံရေးကို တည်ဆောက်ထားပါ ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပညာသင်ကျောင်းတွင် တပ်မတော်သားများလက်ခံခြင်း အစီအစဉ်နှင့် အဆင့်မြင့်အရာရှိအချင်းချင်း ကူးလူးဆက်ဆံခြင်းအစီအစဉ်၊ သဘာဝဘေးအန္တရာယ် ကိုင်တွယ် အရေးယူဆောင်ရွက်မှုအပါအဝင် စွမ်းဆောင်ရည်မြှင့်တင်ခြင်းစသည့် ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုနှင့် နှီးနှောဖလှယ်မှုများကို အဆက်မပြတ် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

(၃) ၄င်းအကူအညီများနှင့် စပ်လျဉ်းပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်။

(က) ဂျပန်နိုင်ငံဝန်ကြီးချုပ် Mr.Shizo ABE ၏ ပြောကြားချက်များနှင့်ပတ်သက်၍ မိမိတို့၏ ရည်မှန်းချက်များနှင့် တစ်ထပ်တည်းကျပါကြောင်း၊ အထူးသဖြင့် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာအထောက်အပံ့များနှင့် ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ် Mr.Sasakawa နှင့် အားလုံးသော မိတ်ဆွေများ၏ ထောက်ပံ့ အားပေးမှုများကို ကျေးဇူးတင်ရှိပါကြောင်း၊ ဂျပန်နိုင်ငံက ကူညီပေးသွားမည့် ဂျပန်ယန်းငွေ ၄၀ ဘီလီယံကို အကောင်းဆုံး၊အကျိုးရှိရှိ အသုံးပြုသွားလိုပါကြောင်း၊ ရခိုင်ပြည်နယ် အရေးကိစ္စ နှင့်ပတ်သက်၍ ဥပဒေဘောင်အတွင်းမှ ဖြေရှင်းနိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အရေးကိစ္စကို ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုဖြင့် ဖြေရှင်းနိုင်မည်ဟူသော ထင်မြင်ယူဆချက်များ ရှိနေပြီး မြန်မာအစိုးရအနေနှင့် အားထုတ် ကြိုးပမ်းလျက်ရှိပါကြောင်း။

(ခ) မြို့ပြနှင့် ကျေးလက် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်း ဂျပန်နိုင်ငံဝန်ကြီးချုပ် Mr.Shinzo ABE ပြောကြားသွားသည့်အတိုင်း ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး လုံလောက်စွာရရှိရေးတို့အပြင် ကျေးလက်ဒေသ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ၄င်းနှင့် ကိုက်ညီသော နည်းပညာ လွှဲပြောင်းပေးမှုတို့ကို အထူး အာရုံစိုက်လျက်ရှိ ပါ ကြောင်း၊ မျိုးစေ့ဘဏ်အတွက် ဂျပန်နိုင်ငံ၏ အကူအညီများမှာ ထိရောက်မှု ရှိသောကြောင့် ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရန်အတွက် အထူးအာရုံစိုက်လျက်ရှိသော စီမံကိန်းများမှာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကွန်ရက် ကို မြှင့်တင်ခြင်း ၊ စွမ်းအင်နှင့် လူ့စွမ်းအား အရင်းအမြစ် ပြုစုပျိုးထောင်ရေး စသည်တို့ ဖြစ်ပါကြောင်း။

(ဂ) ဂျပန်နိုင်ငံဝန်ကြီးချုပ် Mr.Shinzo ABE က ထောက်ပြခဲ့သော ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု၏ အရေးပါမှု နှင့် ပတ်သက်၍ မိမိအနေနှင့်လည်း သဘောတူပါကြောင်း၊ ရင်းနှီးမြုပ်နှံမှု ဥပဒေသစ် ပြဋ္ဌာန်းလိုက်ခြင်းဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လိုကြောင်း၊ ဂျပန်နိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် သီလ၀ါ အထူးစီးပွားရေးဇုန် များစွာ တိုးတက်လာနေခြင်းကို ကြိုဆိုပါကြောင်း၊ နောက်ထပ် အောင်မြင်မှုများ ရရှိရန် မိမိတို့အနေ ဖြင့်လည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

(ဃ) လူ့စွမ်းအား အရင်းအမြစ် ပြုစုပျိုးထောင်ရေး နှင့် ပတ်သက်ပြီး ကဏ္ဍမျိုးစုံ၌ ပူးပေါင်းနိုင် သည့်အတွက် မပျက်မကွက် ကူညီပေးရန် မေတ္တာရပ်ခံလိုပါကြောင်း၊ လူငယ်များ၏ Japan Overseas Cooperation Volunteers (JOCV) နှင့် ပတ်သက်ပြီး သဘောတူညီမှု ရရှိခဲ့သည့်အတွက် လူငယ်များအကြား ကူးလူးဆက်ဆံခြင်းကို တိုးမြှင့်နိုင်မည်ဟု ယုံကြည်မိပါကြောင်း။ နိုင်ငံသားချင်း အပြန်အလှန် ကူးလူးဆက်ဆံခြင်း၏ တစ်စိတ်တစ်ပိုင်း အနေနှင့် ဂျပန်နိုင်ငံမှ ခရီးသွားဧည့်သည်များကိုလည်း ပိုမိုလာရောက်စေလိုပါကြောင်း။

(င) ကာကွယ်ရေးဆိုင်ရာနှီးနှော ဖလှယ်ရေးနှင့် ပတ်သက်၍ ဒီမိုကရေစီစနစ်အောက်ရှိ တပ်မတော်အတွက် ပူးပေါင်း ဆောင်ရွက်မှုကို ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါသည်။

(၄) ဒေသတွင်း၊အပြည်ပြည်ဆိုင်ရာကိစ္စရပ်များ

ဂျပန်နိုင်ငံဝန်ကြီးချုပ် Mr.Shinzo ABE က မိမိသည် အာရှနှင့် အာဖရိက ဟူသော တိုက်ကြီးနှစ်တိုက် နှင့် အိန္ဒိယသမုဒ္ဒရာ၊ ပစိဖိတ်သမုဒ္ဒရာ ဟူသော သမုဒ္ဒရာနှစ်ခု ဆက်စပ်တည်ရှိခြင်းက ဒေသ၏ တည်ငြိမ်ခြင်းနှင့် ကြွယ်ဝ ချမ်းသာခြင်းတို့၏ သော့ချက်ဖြစ်သည်ဟူသော “Free and Open India and Pacific Strategy” (လွတ်လပ်ပြီး တံခါး ဖွင့်ထားသော အိန္ဒိယ - ပစိဖိတ်သမုဒ္ဒရာ မဟာဗျူဟာ) ကို အဆိုပြုခဲ့ ပါကြောင်း၊ မြန်မာနိုင်ငံအတွက် မဲခေါင်ဒေသတွင်း ချိတ်ဆက်မှုအပြင် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံနှင့် ချိတ်ဆက်မှုခိုင်မာခြင်းသည် စီးပွားရေး တစ်ခုတည်းသာမဟုတ် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် အရေးကြီးသည်ဟု ထင်မြင်မိပါကြောင်း ပြောကြားသွားခဲ့သည်။ တစ်ဖန် နောင်နှစ်သည် အာဆီယံ တည်ထောင်ခြင်း နှစ်၅၀ပြည့် အထိမ်းအမှတ်နှစ် ဖြစ်ပြီး မိမိတို့နိုင်ငံအနေဖြင့် အာဆီယံ၏ အချက်အချာကျမှု၊ တစ်သားတည်း ဖြစ်တည်မှုတို့ကို ဆက်လက်ထောက်ပံ့ကူညီ သွားမည်ဖြစ်ပါ ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံ အရေးကိစ္စနှင့် စပ်လျဉ်း၍ ပြန်ပေးဆွဲခြင်း ကိစ္စရပ်များမှာ မိမိတို့အတွက် အရေးအကြီးဆုံးသော စိန်ခေါ်မှု ဖြစ်ပြီး နားလည်မှုနှင့် အားပေးထောက်ခံမှုများကို ရရှိလိုပါကြောင်း၊ တစ်ဖန် မြောက်ကိုရီးယား နျူကလီးယား၊ ဒုံးကျည်အရေးကိစ္စများ၊ တောင်တရုတ် ပင်လယ် အရေးကိစ္စ စသည်တို့နှင့် ပတ်သက်ပြီး မြန်မာအစိုးရနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ပြောကြားသွားခဲ့သည်။

၎င်းကိစ္စရပ်များ နှင့်စပ်လျဉ်းပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနှင့် အိန္ဒိယနိုင်ငံ၏ ဆက်ဆံရေး၊ တောင်တရုတ်ပင်လယ်၊ မြောက်ကိုရီးယားအရေးကိစ္စများနှင့် ပတ်သက်ပြီး ပြောကြားသွားခဲ့သည်။

၂။ လက်မှတ်ရေးထိုးပွဲ၊ ပူးတွဲသတင်းစာရှင်းလင်းပွဲ၊ ဂျပန်နိုင်ငံဝန်ကြီးချုပ် Mr. Shinzo Abe က တည့်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲ
(၁) လက်မှတ်ရေးထိုးပွဲ

ဂျပန်နိုင်ငံဝန်ကြီးချုပ် Mr. Shinzo Abe နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ ရှေ့မှောက်တွင် Japan Overseas Cooperation Volunteers (JOCV) နှင့်ပတ်သက်၍ သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ (မြန်မာနိုင်ငံအစိုးရကိုယ်စားလက်မှတ်ရေးထိုးသူ စီမံကိန်းနှင့်ဘဏ္ဍရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ဂျပန်နိုင်ငံအစိုးရကိုယ်စားလက်မှတ်ရေးထိုးသူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Tateshi Higuchi)


(၂) ပူးတွဲသတင်းစာရှင်းလင်းပွဲ

သဘောတူစာချွန်လွှာ အပြန်အလှန်လဲလှယ်ပြီးနောက် ဂျပန်နိုင်ငံဝန်ကြီးချုပ် Mr. Shinzo Abe နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် ပူးတွဲသတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပါသည်။


ယင်းနောက် ဂျပန်နိုင်ငံဝန်ကြီးချုပ် Mr. Shinzo Abe က တည့်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲကို မြန်မာနိုင်ငံနှင့် ဆက်စပ်သည့်ပုဂ္ဂိုလ်များ အယောက် ၇၀ ခန့် ဖြင့် ပြုလုပ်ကျင်းပခဲ့ပြီး ချစ်ခင်ရင်းနှီးစွာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေခြင်းနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုဆွေးနွေးခဲ့ကြပါသည်။