ဂျပန်နိုင်ငံအစိုးရ၏ ရေဘေးသင့်ကျောင်းဆောင်များထောက်ပံ့ရေးစီမံကိန်းအရ ရန်ကုန်မြို့တွင် ပထမဦးဆုံးကျောင်းဆောက်လုပ်ပြီးစီး
၂ဝ၁၇ ခုနှစ်၊ သြဂုတ်လ (၄) ရက်

ကိုမန်ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်၍ ထိခိုက်ပျက်စီးခဲ့သော (၄၉၃) ကျောင်း ပြန်လည်ဆောက်လုပ်ခြင်းနှင့် မွမ်းမံပြင်ဆင်ပေးရန်အတွက် မြန်မာနိုင်ငံအစိုးရ၏မေတ္တာရပ်ခံချက်အရ ဂျပန်အစိုးရက ပညာရေးဝန်ကြီးဌာနသို့ ဂျပန်ယန်း ၁.၅ ဘီလီယံထောက်ပံ့ခဲ့ပါသည်။

ရန်ကုန်မြို့တွင် ပထမဦးဆုံးကျောင်းပြန်လည်ဆောက်လုပ်ပြီးစီး၍ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ထန်းတပင်မြို့နယ်၌ ယနေ့ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ JICA မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

၂ဝ၁၅ ခုနှစ် ဇူလိုင်လတွင် ဖြစ်ပွားခဲ့သောရေကြီးရေလျှံမှုကြောင့် ရန်ကုန်မြို့ရှိ ကျောင်းဆောင်များ ဆိုးရွားစွာ ထိခိုက်ပျက်စီး၍ ကျောင်းသား/ကျောင်းသူများ စာသင်ကြားရာတွင် အန္တရာယ်ရှိသောအခြေအနေသို့ ဆိုက်ရောက်ခဲ့ပါသည်။ ဤကဲ့သို့သော အခြေအနေတွင် ဂျပန်နိုင်ငံအစိုးရက စာသင်ခန်း ခြောက်ခန်းပါဝင်သော ပေ ၃၀ x ပေ ၁၂၀ အကျယ်အဝန်းရှိ စာသင်ဆောင်တစ်ဆောင်၊ စာသင်ခန်းသုံးခန်းပါဝင်သော ပေ ၆၀ x ပေ ၃၀ အကျယ်အဝန်းရှိ KG စာသင်ဆောင်တစ်ဆောင်၊ ကျောင်းအုပ်ကြီးအတွက် အဆောက်အအုံတစ်ခုနှင့် အခန်းနှစ်ခန်းပါ သန့်စင်ခန်းတစ်ခုတို့ကို ဆောက်လုပ်ပေးခဲ့ပါသည်။

ယခုစီမံကိန်းသည် သူငယ်တန်းမှ ခြောက်တန်းအထိ ကျောင်းသူကျောင်းသား၂၈၀ ခန့်ကို အကျိုးရှိစေမည်ဖြစ်ပြီး ပိုမိုကောင်းမွန်ပြီး ခိုင်မာသောအဆောက်အအုံ အဆင့်အတန်းနှင့် ဖွဲ့စည်းပုံ တည်ဆောက်ပုံနှင့်အတူ "ပိုမိုကောင်းမွန်အောင် ပြန်လည်တည်ဆောက်ပါ " ဆိုသည့်မူအပေါ် အခြေခံလျက် ဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်လာစေမည် ဖြစ်ပါသည်။ သို့ပါ၍ အဆိုပါကျောင်းများသည် အနာဂတ်ကာလ ရေကြီးခြင်းနှင့် တစ်ခြားသောသဘာဝဘေးအန္တရာယ်များအတွက် ပိုမိုကောင်းမွန်စွာ ပြင်ဆင်ထားပြီး ဖြစ်ပါလိမ့်မည်။