
ရန်ကုန်၊ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ၂၈ရက် - ဂျပန်နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့၏ ပံ့ပိုးကူညီမှုဖြင့် စာသင်ကျောင်းပေါင်း ၇၈ကျောင်းအား တည်ဆောက်ခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် မွမ်းမံခြင်းတို့ လုပ်ဆောင်ပြီးသည်နှင့်အညီ ယူနီဆက်နှင့် ဂျပန်နိုင်ငံအစိုးရတို့မှ မြန်မာနိုင်ငံတော်အစိုးရ ပညာရေး ဝန်ကြီးဌာနအား ပြီးမြောက်သွားပြီ ဖြစ်သည့် လုပ်ငန်းစဉ်များကို ဒီကနေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ကြသည်။ ၂၀၁၅ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရေဘေးအန္တရာယ်ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် စာသင်ကျောင်းများ ပျက်စီး ဆုံးရှုံးခဲ့ရခြင်းအတွက် ကျောင်းများ တည်ဆောက်ခြင်းဖြင့် ပြန်လည်တုန့်ပြန် ပံ့ပိုးကူညီခဲ့ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်မှ အသိုင်းအဝိုင်းအားလုံးရှိ ကလေးသူငယ်များအနေဖြင့် အရည်အသွေးရှိ ပညာရေးကို လက်လှမ်းမီစေရန် တိကျသေချာစွာ ဆောင်ရွက်နိုင်ရေးအတွက် ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ ၁၀သန်းကို ယူနီဆက်အား ပေးအပ်ခဲ့သည်။
ယင်းလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ရခိုင်ပြည်နယ် မင်းပြားမြို့ ကင်းဆိပ် အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး တာတေးရှိ ဟိဂုချိ၊ ယူနီဆက်မှ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် ပေါလ် အက်(ဒ်)ဝါ့ဒ်(စ်)နှင့် ရခိုင်ပြည်နယ် အစိုးရ လူမှုရေးဝန်ကြီး ဒေါက်တာဦးချမ်းသာတို့ တက်ရောက်ခဲ့ကြသည်။ ဆောက်လုပ်လျက်ရှိသည့် စာသင်ကျောင်းအား လှည့်လည်ကြည့်ရှုအပြီးတွင် သဘာဝဘေးအန္တရာယ် မကျရောက်မီ ကျောင်းတွင် တက်ရောက်ခဲ့ကြသော လူမျိုးစုပေါင်းစုံမှ ပျော်ရွှင်စိတ်အားထက်သန်နေကြသည့် ကလေးသူငယ် ၅၅၀ အကြောင်းကို သံအမတ်ကြီးမှ ပြောကြားခဲ့သည်။
“ဒီစာသင်ကျောင်းဆောင် အသစ်တွေက မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ပုံဖော်ကြမယ့် ကျောင်းသူ ကျောင်းသားလေးတွေအတွက် ဂျပန်နိုင်ငံရဲ့ပြည်သူတွေက ပေးလိုက်တဲ့ လက်ဆောင်တွေပဲ ဖြစ်ပါတယ်။ ဒီကျောင်းဆောင်တွေကို ဂျပန်နိုင်ငံ ပြည်သူတွေရဲ့ ကြင်နာစိတ်ထားတွေနဲ့ ဆောက်လုပ်ထားတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ကလေးသူငယ်တွေအနေနဲ့ နိုင်ငံ့အနာဂတ်ကို ကောင်းစွာပုံဖော်နိုင်ရန် တွေးဆပြီး ပံ့ပိုးကူညီလိုက်တာပါ။” ဟု သံအမတ်ကြီး တာတေးရှိ ဟိဂုချိက ပြောသည်။ “နောင်တွင် ကြုံတွေ့လာနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ရေကြီးခြင်းပြဿနာတွေရဲ့ ဒဏ်ကို ခံနိုင်ရည်ရှိတဲ့ ကြံ့ခိုင်ပြီး ပိုမိုကောင်းမွန် စံနှုန်းမြင့်တဲ့ အဆောက်အဦးတွေ တည်ဆောက်ပေးခြင်းအားဖြင့် ဂျပန်နိုင်ငံအနေနဲ့ ပိုမိုကောင်းမွန်စွာ ပြန်လည်တည်ဆောက်ခြင်း ဆိုတဲ့ မူကို မြှင့်တင်ပေးခြင်း ဖြစ်ပါတယ်။”
ဆိုင်ကလုန်းမုန်တိုင်းများ၊ ရေကြီးရေလျှံခြင်းနှင့် မြေငလျင်ဒဏ်များ ခံရလေ့ရှိသော ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးသော ပြည်နယ်များမှ တစ်ခုအပါအဝင်ဖြစ်ပြီး ယင်းပြည်နယ်ရှိ ၃၀ရာခိုင်နှုန်းသော ကလေးသူငယ်များသည် စာသင်ကျောင်းများတွင် စာရင်းသွင်းထားခြင်း မရှိပေ။ ယင်းပြည်နယ်သည် ဒေသတွင်း တင်းမာမှုများအား ရှောင်တိမ်းရသူ ၁၂၀, ၀၀၀ကျော် နေထိုင်ရာ ဒေသတခုလည်း ဖြစ်ပေသည်။
သဘာဝဘေးအန္တရာယ်များနှင့် ပဋိပက္ခများသည် ကလေးသူငယ်များ၏ ပညာရေးကို နှောင့်နှေးထိခိုက် သွားစေသည်။ ထို့ကြောင့်ပင် ၂၀၁၅ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံခြင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် စာသင်ကျောင်း ၁၁ကျောင်းနှင့် ရေဘေးဒဏ် ခံခဲ့ရသည့် ကျောင်းသား ကျောင်းသူပေါင်း ၆၄, ၀၀၀ကျော်အတွက် ဂျပန်နိုင်ငံအစိုးရက ယူနီဆက်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ဂျပန်နိုင်ငံအစိုးသည် မြန်မာနိုင်ငံတဝှမ်းရှိ စာသင်ကျောင်းပေါင်း ၄၉၃ကျောင်းအား ပံ့ပိုးကူညီရန် ကတိကဝတ်ပြုထားခြင်း၏ အစိတ်အပိုင်း တခုအနေဖြင့် ယူနီဆက်မှတဆင့် စာသင်ကျောင်းပေါင်း ၇၈ကျောင်းအတွက် ပြန်လည်ပြုပြင်မွမ်းမံခြင်း၊ ပြန်လည်ထူထောင်ပေးခြင်း သို့မဟုတ် ပြန်လည် တည်ဆောက်ခြင်း လုပ်ငန်းများဖြင့် ရခိုင်ပြည်နယ်တွင် ပံ့ပိုးကူညီလျက်ရှိသည်။
ယင်းစာသင်ကျောင်းများ ပြုပြင်မွမ်းမံ ဆောက်လုပ်ရာတွင် အဖွဲ့အစည်း၏ စံများ၊ ကျားမရေးရာ ထိခိုက်လွယ်မှု ကိစ္စရပ်များ၊ မသန်စွမ်းကလေးငယ်များနှင့် စီလျော်မည့် စံနှုန်းများဖြင့် ပြည့်မီစေရန် ယူနီဆက်မှ အတတ်ပညာရှင်များအနေဖြင့် ဒေသခံ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အတူတကွ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ယောက်ျားလေးသုံးနှင့် မိန်းကလေးသုံး ယင်လုံအိမ်သာများ တည်ဆောက်ပေးခြင်း၊ မိလ္လာစနစ်နှင့် လက်ဆေးရန် အထောက်အပံ့ပစ္စည်းများကို ကလေးသူငယ်များ အနေဖြင့် အလွယ်တကူ အသုံးပြုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ဝေးလံခေါင်ဖျားနေရာများရှိ ကလေးသူငယ်များအပါအဝင် စာသင်ကျောင်းများရှိ ကလေးသူငယ်အမြောက်အမြား အကျိုးအမြတ် ရရှိစေရန် ယူနီဆက်အနေဖြင့် ဦးတည်ချက်ထားကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတဝှမ်းတွင် ပြန်လည်ပြုပြင်မွမ်းမံနေသည့် စာသင်ကျောင်းပေါင်း ၃၀ခန့်ရှိရာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ စာသင်ကျောင်း ၂၂ကျောင်းပါရှိပြီး အသိုင်းအဝိုင်းပေါင်းစုံမှ ကလေးသူငယ် ၂၅,၀၀၀ကျော် အတွက် အကျိုးကျေးဇူး ရရှိနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ကျောင်းတည်ဆောက်ခြင်းလုပ်ငန်းအပြင် ဆရာတတ်သင် သင်တန်းများ၊ ကျောင်းအုပ်ချုပ်ရေးမှူးဆိုင်ရာ သင်တန်းများ ပေးခြင်းနှင့် ကလေးသူငယ်များအတွက် ကျောပိုးအိတ်နှင့် အခြား သင်ကြားရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် whiteboardများ၊ ရှေးဦးသူနာပြုပစ္စည်းများ၊ ဆော့ကစားနိုင်မည့် ပစ္စည်းများပါဝင်သည့် “School Kits” များကို ယူနီဆက်နှင့် မိတ်ဖက်အဖွဲ့များမှ ဖြန့်ဝေပေးအပ်ခဲ့ကြသည်။
“ဒီကနေ့ဟာ ဒီလိုစာသင်ကျောင်းတွေသာမကပဲ ရပ်ရွာအသိုင်းအဝိုင်းအတွက်ပါ ကျယ်ပြန့်ပြီး အရေးပါတဲ့ အောင်မြင်မှုမှတ်တိုင်တခုပါ။” ဟု ယူနီဆက်မှ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် ပေါလ် အက်(ဒ်)ဝါ့ဒ်(စ်) က ပြောသည်။ “ရခိုင်ပြည်နယ်မှာရှိတဲ့ ကလေးသူငယ်လေးတွေရဲ့ ပညာရေးအတွက် ရင်းနှီးမြှုပ်နှံပေးခြင်းဖြင့် ကလေးငယ်တွေရဲ့ မိဘတွေကိုယ်တိုင် တွေ့ကြုံရတဲ့ ဆင်းရဲမွဲတေမှု သံသရာကြီးကို ဖျောက်ဖျက်လိုက်နိုင်မှာဖြစ်ပြီး ကလေးသူငယ်လေးတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကိုလည်း ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။”
![]() |
![]() |