ဂျပန်နိုင်ငံအစိုးရ၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ မကွေးတိုင်းဒေသကြီးတွင်လမ်းနှစ်လမ်းနှင့်ဧရာဝတီတိုင်းဒေသကြီးတွင်စာသင်ကျောင်းတစ်ဆောင်အတွက် အမေရိကန်ဒေါ်လာ (၃၉၈,၇၉၅) ထောက်ပံ့မှု
၂၀၁၇ခုနှစ်၊ ဇန်န၀ါရီလ(၂၄) ရက်

မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI နှင့် မကွေးတိုင်းနှင့်ဧရာဝတီတိုင်းဒေသ ကြီးများမှ ဆောက်လုပ်ရေးကော်မတီဥက္ကဌတို့သည် စီမံကိန်းသုံးခုအတွက် အထောက်အပံ့ပေးရေးသဘောတူ စာချုပ်များကို ယနေ့လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါသဘောတူစာချုပ်များအရ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်းအမေရိကန်ဒေါ်လာ (၃၉၈, ၇၉၅) ကို ပံ့ပိုးပေးမည်ဖြစ် ပြီး အဆိုပါစီမံကိန်းများမှာ-

၁. ဧရာဝတီတိုင်းဒေသကြီး၊ ပါးရိုက်အခြေခံပညာအလယ်တန်းကျောင်းခွဲဆောက်လုပ်ရေးစီမံကိန်းအတွက် အမေ ရိကန်ဒေါ်လာ (၁၂၀,၆၆၃) ၊
၂. မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ဆတ်ဆူဝကျေးရွာလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် အမေရိ ကန်ဒေါ်လာ (၁၄၅,၈၇၀) နှင့်
၃. မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ကရင်စမ်းကျေးရွာလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် အမေရိ ကန်ဒေါ်လာ (၁၃၂,၂၆၂) တို့ဖြစ်ကြပါသည်။

ပါးရိုက်အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် စာသင်ခန်းများလုံလောက်မှုမရှိသဖြင့် ယာယီကျောင်းတစ်ဆောင် ကိုဆောက်လုပ်ထားခဲ့ပါသည်။ သို့သော်လည်းလက်ရှိအဆောက်အဦတွင် စာသင်ခန်းတစ်ခန်းတွင်၇၀ဦး ကျဉ်းကျပ် စွာ စာသင်ကြားခဲ့ရပါသည်။ ကျောင်းသား/သူများကို သင့်တော်သောစာသင်ကြားမှုပတ်ဝန်းကျင်ရရှိစေရန် ဂျပန်နိုင်ငံ အစိုးရမှ ကျောင်းသုံးပရိဘောဂအပြည့်စုံနှင့် စာသင်ခန်း၈ခန်းပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင် တစ်ဆောင်ကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသား/သူ ၄၉၁ဦးကို အကျိုးခံစားစေမည် ဖြစ်ပါသည်။

ဆတ်ဆူဝကျေးရွာလက်ရှိလမ်းသည် မိုးရာသီများတွင်ရွှံ့ဗွက်ထူထပ်သဖြင့် ကျေးရွာသူ/သားများ စိုက်ပျိုးသီးနှံထွက် ကုန်များတင်ပို့ရန်၊ လူနာများဆေးရုံသို့ပို့ဆောင်ရန်နှင့် ကျောင်းသား/သူများကိုကျောင်းသို့ပို့ဆောင်ရန် အခက်အခဲ များစွာ ကြုံခဲ့ရပါသည်။ ထို့ကြောင့် ကျောင်းသား/သူများသည် ရွာမှ၆ကီလိုမီတာဝေးသော အထက်တန်းကျောင်းသို့ လမ်းလျှောက်သွားရန် ၄နာရီအချိန်ယူရပါသည်။ အကျိုးဆက်အနေနှင့် ၅၀ရာခိုင်နှုန်းသောအလယ်တန်းကျောင်း သား/သူများ အထက်တန်းဆက်မတက်ဖြစ်တော့ပါ။ အဆိုပါအခက်အခဲကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ မြေအောက်မြောင်းနှစ်ခုအပါအ၀င် ၄.၈ကီလိုမီတာရှည်သောလမ်းကို အဆင့်မြှင့်တင်ရန် ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ဒေသခံ ၁,၆၈၈ဦးကို အကျိုးခံစားစေမည်ဖြစ်ပါသည်။

ကရင်စမ်းကျေးရွာလက်ရှိလမ်းသည် ရွာမှအနီးဆုံးမြို့သို့သွားရန်လမ်းမကြီးကိုဆက်သွယ်ပေးရာလမ်း ဖြစ်ပါသည်။ အဆိုပါလမ်းကို ကျေးရွာသူ/သားများ စိုက်ပျိုးသီးနှံထွက်ကုန်များတင်ပို့ရန်၊ လူနာများဆေးရုံသို့ပို့ဆောင်ရန်နှင့် ကျောင်းသား/သူများကိုကျောင်းသို့ပို့ဆောင်ရန် အသုံးပြုနေကြပါသည်။ သို့သော်လည်း မိုးရာသီများတွင် လမ်းမှာ ရွှံ့ဗွက်ထူထပ်ပြီး အချို့သောလူနာများမှာကုသခံယူမှုနှောင့်နှေးခြင်းကြောင့် အသက်ဆုံးရှုံးမှုများရှိခဲ့ပါသည်။ အဆိုပါ အခက်အခဲကိုဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ မြေအောက်မြောင်းအပါအ၀င် ၄.၃ကီလိုမီတာရှည်လျားသောလမ်း ကို အဆင့်မြှင့်တင်ရန် ပံ့ပိုးပေးမည်ဖြစ်ပါသည်။ စီမံကိန်းသည် ဒေသခံ ၃,၅၂၄ဦးကို အကျိုးခံစားစေမည် ဖြစ်ပါသည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၈၀၅)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ၊ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၉၃)ခု၊ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၈)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံအဆောက်အဦးစီမံကိန်းပေါင်း(၄၁)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ် ကူညီခဲ့ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။