စီမံကိန်းနှစ်ခု လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများကို ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက် နှင့် (၈)ရက်နေ့များတွင် ဖလမ်း နှင့်ထန်တလန်မြို့နယ်အသီးသီးတွင် ကျင်းပခဲ့ပါသည်။
၁) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဖလမ်းအခြေခံပညာအထက်တန်းကျောင်းခွဲဆောက်လုပ်ရေး စီမံကိန်း အတွက် အမေရိကန်ဒေါ်လာ(၃၄၃,၄၉၄) နှင့်
၂) ချင်းပြည်နယ်၊ ထန်ထလန်မြို့နယ်၊ နရိန်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၂၀၄,၂၃၅) တို့ဖြစ်ကြပါသည်။
အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှတတိယအတွင်းဝန် Ms. Ayano SUZUKI၊ ချင်းပြည်နယ် ၀န်ကြီးချုပ်ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ်လူမှုရေးရာဝန်ကြီးဦးပေါင်လွန်းမင့်ထန်၊ ဆောက်လုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
ဖလမ်းအခြေခံပညာအထက်တန်းကျောင်းခွဲသည် ၁၉၇၉ခုနှစ်တွင်စတင်ဆောက်လုပ်ခဲ့ပြီး ကျောင်းဆောင်၃ဆောင်ရှိ ပါသည်။ ကျောင်းဆောင်သုံးဆောင်အနက်မှတစ်ဆောင်မှာ မြေအောက်ရေကြောင့်တဖြည်းဖြည်းမြေကျွံလာခဲ့သဖြင့် ပျက်စီးခဲ့ပါသည်။စာသင်ခန်းများလုံလောက်မှုမရှိသောကြောင့်လည်း ကျောင်းသား/သူများသည် သတ်မှတ်ထားသော ကျောင်းသင်ရိုးညွှန်းတမ်းများ အပြည့်အ၀မသင်ကြားရဘဲ တစ်ရက်လျှင်နှစ်သုတ်ခွဲပြီး စာသင်ကြားခဲ့ရပါသည်။ သင့်တော်သောပညာရေးပတ်ဝန်းကျင်ပေးနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း၁၀ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော သံကူကွန်ကရစ်နှစ်ထပ်စာသင်ဆောင်တစ်ဆောင်နှင့် သန့်စင်ခန်းများဆောက်လုပ်ရန်အတွက် အထောက်အပံ့ပေးအပ်ခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းရှိ ကျောင်းသား/သူ ၇၆၀ဦးအတွက် အကျိုးရှိမည် ဖြစ်ပါသည်။
နရိန်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှသစ်သားကျောင်းဆောင်သည် ၁၉၇၄ခုနှစ်ကတည်းကဆောက်လုပ် ထားခဲ့သဖြင့် ခြစားနေပြီး ဆိုးဆိုးရွားရွားယိုယွင်းလာခဲ့ပါသည်။ ကျောင်းသား/သူများသည် မျက်နှာကြက်မှအပေါက် များကြောင့် လေ၊မိုးဒဏ်အလွယ်တကူခံခဲ့ရပါသည်။ ကျောင်းသား/သူများအတွက်လုံခြုံသောပညာရေးပတ်ဝန်းကျင် ပေးနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ စာသင်ခန်း၈ခန်းနှင့်ကျောင်းသုံးပရိဘောဂအပြည့်အစုံပါဝင်သော သံကူကွန်ကရစ်နှစ် ထပ်စာသင်ဆောင်တစ်ဆောင်၊ လျှောက်လမ်းနှင့် သန့်စင်ခန်းများဆောက်လုပ်ရေးအတွက် ပံ့ပိုးပေးခဲ့ပါသည်။ စီမံကိန်းသည် ကျောင်းရှိကျောင်းသား/သူ ၄၃၅ဦးအတွက် အကျိုးရှိမည် ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၈၁၁)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၃၉၇)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၁၉၈)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၈)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၄၃)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ် ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုလည်း ပိုမိုတိုးတက်ခိုင်မာ လာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
|
|
|
|

No.100 Natmauk Road, Bahan Township, Yangon
01-549644~8