
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Tateshi HIGUCHI နှင့် ဧရာဝတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ဆောက် လုပ်ရေးကော်မတီဥက္ကဋ္ဌတို့သည် စီမံကိန်းခြောက်ခုအတွက် အထောက်အပံ့ပေးရေး သဘောတူစာချုပ်များကို ၂ဝ၁၈ ခုနှစ် မတ်လ(၈)ရက်နေ့တွင် လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါသဘောတူစာချုပ်များအရ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်း (အမေရိကန်ဒေါ်လာ ၈၇၇,၈၂၈) ကို ထောက်ပံ့ပေးသွား မည်ဖြစ်ပြီး အဆိုပါစီမံကိန်းများမှာ-
၁။ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ရှင်ပင်သာလျောင်း-မဲဇလီတော ကျေးရွာချင်းဆက်လမ်းအဆင့်မြှင့်တင်ရေး
စီမံကိန်း (အမေရိကန်ဒေါ်လာ ၂၈၁,၁၂၆)၊
၂။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ စည်သာကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ဆောက်လုပ်ရေး စီမံကိန်း (အမေရိကန်ဒေါ်လာ ၁ဝ၇,၂၁၄)၊
၃။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကြာအင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ဆောက်လုပ်ရေးစီမံ ကိန်း (အမေရိကန်ဒေါ်လာ ၁၅ဝ,၁၆၂)၊
၎။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ သာယာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၂၂,၃၂၆)၊
၅။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ အမှတ်(၂)ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း ဆောက်လုပ်ရေး စီမံကိန်း (အမေရိကန်ဒေါ်လာ ၈၉,၈၇၅) နှင့်
၆။ စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ မြို့မ အမှတ်(၂)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၂၇,၁၂၅) တို့ဖြစ်ကြပါသည်။
ရှင်ပင်သာလျောင်းကျေးရွာနှင့် မဲဇလီတောကျေးရွာချင်းဆက်လမ်းသည် မြေသားလမ်းဖြစ်၍ ခြောက်သွေ့သောရာသီများ ၌ သာသွားလာနိုင်ပြီး မိုးရာသီတွင် ရွှံ့နွံထူထပ်သောလမ်းဖြစ်လာပြီး ပျက်စီးလာသောကြောင့် သွားလာရန် ခက်ခဲပါသည်။ ထိုသို့ခက်ခဲသော လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် ကျေးရွာသူရွာသားများသည် ၄င်းတို့၏ မိုးရာသီ သီးနှံထွက် ကုန်များကို အခြားနေရာများသို့ တင်ပို့ရောင်းချနိုင်ခြင်းမရှိခြင်းကြောင့် တဆက်တည်းမှာပင် မိသားစုများ၏ ဝင်ငွေများ လျော့နည်းလာရပါသည်။ အဆိုပါ အခက်အခဲများကိုဖြေရှင်းရန် ဂျပန်အစိုးရက ရေပြွန်(၁၁)ခု ပါဝင်သော (၃.၄၅ ကီလို မီတာ) အရှည်ရှိသည့်လမ်းကို အဆင့်မြှင့်တင်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျေးရွာ(၉)ရွာမှ ဒေသခံပြည်သူ(၅,ဝ၈ဝ)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။
စည်သာကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းသည် ၂ဝ၁၅ ခုနှစ်တွင် ရေကြီးမှုဒဏ်ခံခဲ့ရသောကြောင့် ကျောင်း ဆောင်တစ်ဆောင်မှာ (၉)ရက်တိုင်ရေနစ်မြုပ်ခဲ့ပြီး ဆိုးရွားစွာပျက်စီးခဲ့ပါသည်။ သို့သော်လည်း ကျောင်းနှင့် ရွာသူရွာသား များမှာ ကျောင်းဆောင်အသစ်ဆောက်လုပ်ရန် ငွေကြေးမတတ်နိုင်သောကြောင့် ကျောင်းသူကျောင်းသားများမှာ အဆိုပါ ကျောင်းဆောင်တွင်ပင် ဆက်လက်ပညာသင်ကြားနေရပါသည်။ လုံခြုံစိတ်ချရသော ကျောင်းပတ်ဝန်းကျင် တစ်ခုဖြစ်လာ စေရန် ဂျပန်အစိုးရက စာသင်ခန်း(၆)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၁၂၅)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။
ထိုနည်းတူစွာ ကြာအင်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်းရှိ စာသင်ခန်းအချို့မှာ ၂ဝ၁၅ ခုနှစ် ရေကြီးမှုကြောင့် အသုံးပြု၍ မရတော့ပါ။ ထို့ကြောင့် ကျောင်းသူကျောင်းသားဦးရေ(၇ဝ)ကျော်သည် စာသင်ခန်းတစ်ခန်းအတွင်း၌ ပညာ သင်ကြားကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း (၈)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက် လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၅၇၂)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။
သာယာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ ကျောင်းဆောင်မှာ ပြိုကျလုနီးပါးဖြစ်နေပြီး ဆိုးရွားစွာဆွေးမြေ့နေသော တိုင်များကြောင့် သစ်သားများဖြင့်ထောက်ကန်ပေးထားရပါသည်။ သို့သော်လည်း ကျောင်းသူကျောင်းသားများသည် အဆိုပါကျောင်းဆောင်တွင် ပညာသင်ကြားနေရပါသည်။ ကျောင်းသူကျောင်းသားဦးရေ များပြားလာသောကြောင့် ကျောင်းသူကျောင်းသားဦးရေ(၆ဝ)ကျော်သည် စာသင်ခန်းတစ်ခန်းတွင်း၌ ပညာသင်ကြားကြရပါသည်။ ထို့အပြင် ကျောင်း တွင် သင့်တော်သောစာသင်ခန်းများမရှိခြင်းကြောင့် ဆဋ္ဌမတန်းနှင့် သတ္တမတန်း ကျောင်းသူကျောင်းသားအသစ်များကို ကျောင်းအပ်လက်ခံနိုင်ခြင်း မရှိပါ။ အဆိုပါ အခက်အခဲကိုဖြေရှင်းရန် ဂျပန်အစိုးရက စာသင်ခန်း(၆)ခန်းနှင့် ကျောင်းသုံးပရိ ဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်း သား(၅၄၂)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။
အမှတ်(၂)ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းဆောင်မှာ ကျေးရွာသူရွာသားများမှ ဆောက်လုပ်ခဲ့ သောကြောင့် စာသင်ခန်းတစ်ခန်းစီ၏ အရွယ်အစားမှာ အစိုးရမှသတ်မှတ်ထားသော စံချိန်စံညွှန်းထက် သေးငယ်နေပါ သည်။ ထို့ကြောင့် ကျောင်းသူကျောင်းသားဦးရေ(၆ဝ)ကျော်သည် ကျပ်တည်းသော စာသင်ခန်းတစ်ခန်းအတွင်းတွင် ပညာ သင်ကြားနေကြရပါသည်။ အဆိုပါ အခက်အခဲကိုဖြေရှင်းရန် ဂျပန်အစိုးရက စာသင်ခန်း(၆)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၃၁၆)ဦး အကျိုးခံစားရမည် ဖြစ်ပါသည်။
မြို့မ အမှတ်(၂)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ ကျောင်းဆောင်တစ်ဆောင်မှာ ၁၉၈၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ဆိုးရွားစွာဆွေးမြေ့နေပါသည်။ အဆိုပါကျောင်းဆောင်၏ နံရံများပေါ်တွင်အက်ကြောင်းများ၊ မိုးယိုနေ သောခေါင်မိုးနှင့် ဆွေးမြေ့နေသောတိုင်များ ရှိနေသော်လည်း သင့်တော်သော စာသင်ခန်းများမရှိခြင်းကြောင့် ကျောင်း သူကျောင်းသားများသည် အဆိုပါကျောင်းဆောင်တွင် ပညာသင်ကြားနေကြရပါသည်။ လုံခြုံစိတ်ချရသော ကျောင်းပတ် ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၆)ခန်း၊ သန့်စင်ခန်းများနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံ ပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွား မည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား((၆၁၆)ဦး အကျိုး ခံစားရမည်ဖြစ်ပါသည်။
ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်း ပေါင်း(၈၅၇)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၂၇)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝ၁)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၉)ခု၊ အခြေခံအဆောက်အ အုံ စီမံကိန်းပေါင်း(၅၅)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့များ သည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။