ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ကယားပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စာသင်ကျောင်းငါးကျောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် သင်တန်းကျောင်းတစ်ကျောင်းဆောက်လုပ်ခြင်းအတွက် အမေရိကန်ဒေါ်လာ ၅၅၄,ဝ၇၈ ထောက်ပံ့မှု
၂ဝ၁၈ ခုနှစ်၊ မတ်လ (၁၄) ရက်

မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး သံမှူး Ms. Tomoko YOSHIHIRO နှင့် ကယားပြည်နယ်၊ ရန်ကုန်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌတို့သည် စီမံကိန်းခြောက်ခုအတွက် အထောက်အပံ့ပေးရေး သဘောတူ စာချုပ်များကို ၂ဝ၁၈ ခုနှစ် မတ်လ(၁၄)ရက်နေ့တွင် လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါ သဘောတူစာချုပ်များအရ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်း (အမေရိကန်ဒေါ်လာ ၅၅၄,ဝ၇၈) ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်းများမှာ-

၁။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမျိုးသားအဆင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေးသင်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၉ဝ,၃၁၂)၊
၂။ ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်၊ ဒေါကမီးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၉ဝ,၆၇၄)၊
၃။ ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်၊ ပူဖါးကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၅၃,၂၄၃)၊
၎။ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ပေါ်သစ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေး စီမံကိန်း (အမေရိကန်ဒေါ်လာ ၁၁ဝ,၇၃၆)၊
၅။ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဘုရားကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဆောက်လုပ် ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၈၅,၄၁၃) နှင့်
၆။ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ကြာဂရက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေး စီမံကိန်း (အမေရိကန်ဒေါ်လာ ၁၂၃,၇ဝဝ) တို့ဖြစ်ကြပါသည်။

မြန်မာနိုင်ငံသည် မကြာမီအတည်ပြုပြဋ္ဌာန်းမည့် ထုတ်ပြန်ထားသော လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေးဥပဒေသစ်ကို သက်ဆိုင်ရာအကျုံးဝင်လုပ်ငန်းကဏ္ဍများတွင် စတင်ကျင့်သုံးတော့မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လုပ်ငန်း ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များအား လုပ်ငန်းခွင်ဘေးအန္တရယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းများကို ပေး အပ်ရန်လိုအပ်လာပါသည်။ သို့သော်လည်း သက်ဆိုင်ရာအစိုးရဌာနနှင့် ၄င်း၏မိတ်ဖက်အဖွဲ့အစည်းများတွင် ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော ခေတ်မီလုပ်ငန်းခွင်ဖြစ်ပေါ်လာစေရေးအတွက် သင်တန်းများပို့ ချရန် သင့်လျော်သော အခြေခံအဆောက်အအုံ လိုအပ်လျက်ရှိပါသည်။ ထို့ကြောင့် ဂျပန်အစိုးရက မြန်မာနိုင်ငံအတွင်း အကြီးဆုံးစက်မှုဇုန်တစ်ခုဖြစ်သော လှိုင်သာယာမြို့နယ်အတွင်း သုံးထပ်သံကူကွန်ကရစ် သင်တန်းကျောင်းတစ်ကျောင်း ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် နှစ်စဉ်သင်တန်းတက်ရောက်မည့် လုပ်ငန်းရှင်နှင့် အလုပ်သမားကိုယ်စားလှယ်(၄,၁၉ဝ)ဦးတို့ တိုက်ရိုက်အကျိုးခံစားရမည်ဖြစ်ပါသည်။

ကယန်းလူမျိုးများနေထိုင်သော ဒေါကမီးကျေးရွာသည် ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်တွင် တည်ရှိပါသည်။ ဒေါကမီး ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာသင်ခန်းများမလုံလောက်သောကြောင့် ကျေးရွာသူရွာသားများသည် ယာယီဆောင်နှစ်ဆောင် ဆောက်လုပ်ခဲ့ရပါသည်။ အဆိုပါယာယီဆောင်များတွင် သင့်လျော်သောနံရံများနှင့် မျက်နှာ ကျက်မရှိသောကြောင့် ကျောင်းသူကျောင်းသားများသည် ပညာသင်ကြားနေစဉ်အတွင်း လေဒဏ်မိုးဒဏ်များ ထိခိုက်ခံစား ရပါသည်။ သတ္တမတန်းကျောင်းသူကျောင်းသားသစ်များအား ကျောင်းအပ်စတင် လက်ခံတော့မည်ဖြစ်သော်လည်း ကျောင်းတွင် သင့်လျော်သောစာသင်ခန်းမရှိပါ။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၄)ခန်း၊ သန့်စင်ခန်းများနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန် ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၂၅၂)ဦး အကျိုးခံစားရမည် ဖြစ်ပါသည်။

ဒီမောဆိုမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းဖြစ်သည့် ပူဖါးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျေးရွာသူ ရွာသားများမှ ဝါးဖြင့်ဆောက်လုပ်ထားသော ကျောင်းဆောင်တစ်ဆောင်ရှိပြီး စာသင်ခန်းတစ်ခန်းစီ၏ အရွယ်အစားမှာ အစိုးရမှသတ်မှတ်ထားသော စံချိန်စံညွှန်းထက် သေးငယ်နေပါသည်။ ထို့ကြောင့် ကျောင်းသူကျောင်းသားများသည် လေဒဏ်မိုးဒဏ် ထိတွေ့ခံစားရသည့် ကျပ်တည်းသောစာသင်ခန်းများအတွင်း၌ ပညာသင်ကြားနေရပါသည်။ အဆိုပါ အခက်အခဲကိုဖြေရှင်းရန် ဂျပန်အစိုးရက စာသင်ခန်း(၂)ခန်း၊ သန့်စင်ခန်းများနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင် သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါ သည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၁၆ဝ)ဦး အကျိုးခံစားရမည် ဖြစ်ပါသည်။

ပေါ်သစ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သည် ငဝန်မြစ်နှင့်ကပ်လျက်တွင် တည်ရှိပြီး နှစ်စဉ် ရေတိုက်စားမှု ကြောင့် မြစ်ကမ်းပါးပြိုကျမှုများ ရှိပါသည်။ ရေနစ်မြုပ်မှုအန္တရာယ်ရှိလာနိုင်သောကြောင့် ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြု ချက်ဖြင့် အနီးရှိကုန်းမြေမြင့်သို့ ကျောင်းနေရာပြောင်းကာ စာသင်ခန်း(၃)ခန်းပါဝင်သော ကျောင်းဆောင်သစ် ဆောက် လုပ်ရန်လျာထားပါသည်။ သို့သော်လည်း စာသင်ခန်းမလုံလောက်မှုကြောင့် ဂျပန်အစိုးရက စာသင်ခန်း(၆)ခန်း၊ သန့်စင် ခန်းများနှင့် ကျောင်းသုံးပရိ ဘောဂ အပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက် လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား (၁၅၈)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။

ဘုရားကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သည် အနီးပတ်ဝန်းကျင်(၂၄)ရွာတွင် တစ်ခုတည်းသော အထက်တန်းကျောင်းတစ်ကျောင်း ဖြစ်ပါသည်။ ထို့ကြောင့် အခြားသော မူလတန်းနှင့် အလယ်တန်းကျောင်းများမှ တက် ရောက်ပြီးစီးလာသော ကျောင်းသူကျောင်းသားများသည် ဤအထက်တန်းကျောင်း(ခွဲ)တွင် တက်ရောက်ကြရပါသည်။ ကျောင်းဆောင်နှစ်ဆောင်တွင် စာသင်ခန်း(၈)ခန်း၊ ယာယီဆောင်တစ်ဆောင်တွင် စာသင်ခန်း(၁)ခန်းရှိသော်လည်း စာသင်ခန်းများမလုံလောက်သောကြောင့် ကျောင်းသူကျောင်းသား(၁၂၃)ဦးသည် အနီးရှိဘာသာရေးကျောင်းတစ်ခုတွင် ပညာသင်ကြားကြရပါသည်။ ထို့ပြင် ယာယီဆောင်ဖွဲ့စည်းပုံမှာ အကာအရံမရှိသောကြောင့် မိုးရာသီကာလတွင် လေဒဏ် မိုးဒဏ်များ ကြုံတွေ့နေရပါသည်။ အဆိုပါအခက်အခဲကို ဖြေရှင်းရန် ဂျပန်အစိုးရက စာသင်ခန်း(၅)ခန်း၊ သန့်စင်ခန်းများ နှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော ထစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန် အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်း သူကျောင်းသား(၅၄ဝ)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။

ကြာဂရက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းဆောင်(၄)ဆောင်ရှိပါသည်။ ထိုကျောင်းဆောင်လေး ဆောင်မှ ကျောင်းဆောင်ဟောင်းနှစ်ဆောင်မှာ နံရံတစ်ခြမ်းသာရှိပြီး အကာအရံမရှိပါ။ ကျောင်းသူကျောင်းသားများမှာ သင့်လျော်သော စာသင်ခန်းများမလုံလောက်သောကြောင့် အဆိုပါကျောင်းဆောင်များတွင်သာ ပညာသင်ကြားနေရပါ သည်။ ထို့ပြင် ကျောင်းသူကျောင်းသား(၅၉)ဦးသည် ယခုလက်ရှိတွင် အနီးရှိဘာသာရေးအဆောက်အအုံတစ်ခုအတွင်း၌ ပညာ သင်ကြားကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၆)ခန်း၊ သန့်စင်ခန်းများနှင့် ကျောင်းသုံးပရိဘောဂအပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်း ဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား (၄၇၈)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်း ပေါင်း(၈၆၃)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၃၂)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝ၁)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက်အ အုံ စီမံကိန်းပေါင်း(၅၅)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့များ သည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။