ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီးတွင် အမေရိကန်ဒေါ်လာ (၉၇,၇၆၄) တန်ဖိုးရှိ စာသင်ကျောင်းတစ်ကျောင်းထောက်ပံ့ကူညီခြင်း
၂ဝ၁၈ ခုနှစ်၊ ဧပြီလ (၂၄) ရက်

ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ အောင်ပန်းမြိုင် ဘုန်းတော်ကြီးသင်ပညာရေး မူလ တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၉၇,၇၆၄) ပေးအပ်ခဲ့ပါသည်။

အထက်ပါစီမံကိန်းအတွက် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ၂ဝ၁၈ ခုနှစ် ဧပြီလ(၂၄)ရက်နေ့ တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ ပထမအတွင်းဝန် Mr. Hiroki KUNII ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ဂါ့မိုးမြတ်မြတ်သူ၊ ညောင်တုန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းလွင်၊ ဆောက်လုပ်ရေးစီမံကိန်းမှ ကော်မတီဥက္ကဋ္ဌ၊ ကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ ကြပါသည်။

အောင်ပန်းမြိုင် ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းကျောင်းတွင် ကျောင်းသူကျောင်းသားအရေအတွက် များပြား လာမှုကြောင့် ပင်မကျောင်းဆောင်အပြင် ယာယီစာသင်ကျောင်းဆောင် ဆောက်လုပ်သင်ကြားခဲ့ရပါသည်။ သို့သော် အဆိုပါယာယီကျောင်းဆောင်မှာ ၂ဝ၁၅ ခုနှစ်ရေဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ပါသည်။ ထို့ကြောင့် အတန်း(၉) တန်းမှ ကျောင်းသူကျောင်းသား(၁၂ဝ)ဦးသည် စာသင်ခန်းတစ်ခန်းအတွင်း၌ ပညာသင်ကြားခဲ့ရပါသည်။ သင့်တင့် လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရန် ဂျပန်နိုင်ငံအစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်း(၅)ခန်း၊ စင်္ကြံလမ်းနှင့် ကျောင်းပရိဘောဂ အပြည့်အစုံပါဝင်သော တစ်ထပ် သံကူကွန်ကရစ်ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်း ကြောင့် ကျောင်းတွင်ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၁၂ဝ)ဦးတို့ အကျိုးခံစားရမည် ဖြစ်ပါသည်။

ဂျပန်နိုင်ငံသည် သဘာဝဘေးအန္တရာယ်များစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ ထို့အတူဂျပန်နိုင်ငံသည် ပြီးခဲ့သောဘေး အန္တရာယ်များမှ သင်ခန်းစာများရယူကာ “ပိုမိုကောင်းမွန်အောင်ပြန်လည်တည်ဆောက်ခြင်း” ဆိုသော အယူအဆကို တစ်ကမ္ဘာလုံး၌ ပျံ့နှံ့သွားစေရန် မိတ်ဆက်ခဲ့ပါသည်။ “ပိုမိုကောင်းမွန်အောင် ပြန်လည်တည်ဆောက်ခြင်း” ဆိုသည်မှာ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပွားပြီးနောက် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများလျှော့ချနိုင်ရန် သဘာဝဘေးအန္တရာယ် မဖြစ်ပွားမီအချိန်ကထက် လူမှုအဖွဲ့အစည်းကို ပိုမိုခိုင်မာကောင်းမွန်လာအောင် ပြန်လည်တည်ဆောက်ခြင်းဖြစ်ပါသည်။ ဤအတွေးအခေါ်အပေါ် အခြေခံ၍ ဂျပန်အစိုးရအနေဖြင့် ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ ကျောင်းအဆောက်အအုံအသစ်များကို ရေကြီးစဉ်ကာလက ထိခိုက်ပျက်စီးခဲ့ရသော ကျောင်းအဆောက်အအုံထက် ပိုမို တောင့်တင်းခိုင်မာအောင် ပြန်လည်တည်ဆောက်ပေးခြင်းဖြစ်ပါသည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၈၆၆)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၃၅)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝ၁)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအ ဆောက်အအုံ စီမံကိန်းပေါင်း(၅၅)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီးဖြစ်ပါ သည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့် မည်ဟု မျှော်လင့်လျက်ရှိပါသည်။