
ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် ချင်းပြည်နယ်တွင် စီမံကိန်းနှစ်ခုအတွက် အမေရိကန်ဒေါ်လာ(၃၆၄,၇၈၉) ပေးအပ်ခဲ့ရာ အဆိုပါ စီမံကိန်းများမှာ-
၁) ချင်းပြည်နယ်၊ မတူပီမြို့နယ် လိုင်လင်းပီကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်း (အမေရိကန်ဒေါ်လာ ၁၉၈,၂၈၇) နှင့်
၂) ချင်းပြည်နယ်၊ မတူပီမြို့နယ် စခိုင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၆၆,၅ဝ၂) တို့ဖြစ်ကြပါသည်။
ဖော်ပြပါစီမံကိန်း(၂)ခုသည် မြန်မာနိုင်ငံအစိုးရက ဂျပန်နိုင်ငံအစိုးရသို့ ရေဘေးဒဏ်ခံခဲ့ရသော ကျောင်းပေါင်း(၄၉၃) ကျောင်း ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကူညီထောက်ပံ့ပေးရန် မေတ္တာ ရပ်ခံခဲ့သော စာသင်ကျောင်းများတွင် ပါဝင်ပါသည်။
အထက်ပါစီမံကိန်းများအတွက် ကျောင်းဆောင်သစ်များ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများကို ၂ဝ၁၈ ခုနှစ်၊ ဧပြီလ (၂၅) နှင့် (၂၇) ရက်နေ့များတွင် မတူပီမြို့နယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး က ဒုတိယအတွင်းဝန် Mr. Keisuke AMIMOTO ၊ ချင်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ဆောက် လုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါ သည်။
လိုင်လင်းပီကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းဆောင်ဟောင်းမှာ ၂ဝ၁၅ ခုနှစ် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့ရပါသည်။ ကျောင်းသူကျောင်းသားများသည် အသုံးပြုပြီးသော သစ်သားများဖြင့် ဆောက်လုပ်ထားသည့် ယာယီကျောင်းဆောင်ရှိ ကျပ်တည်းသော စာသင်ခန်းတစ်ခန်းအတွင်း၌ ခက်ခဲစွာပညာ သင်ကြားခဲ့ရပါသည်။ အဆိုပါ ကျောင်းသူကျောင်းသားများအတွက် သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၆)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံ ပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါ သည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၆၂၅)ဦး အကျိုးခံစား ရမည်ဖြစ်ပါသည်။
စခိုင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၏ ကျောင်းဆောင်မှာလည်း ၂ဝ၁၅ ခုနှစ် ဇူလိုင်လအတွင်း ဖြစ်ပွား ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့ရပါသည်။ ကျောင်းဆောင်မှာ ပြိုကျလုနီးပါးဖြစ်ခဲ့သော်လည်း ကျောင်း သူကျောင်းသားများသည် စာသင်ခန်းမလုံလောက်မှုကြောင့် အဆိုပါကျောင်းဆောင်အတွင်းတွင် ပညာဆက်လက် သင်ကြားခဲ့ကြရပါသည်။ အဆိုပါအခက်အခဲကို ဖြေရှင်းရန် ဂျပန်အစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ ရေးအစီအစဉ်အရ စာသင်ခန်း(၅)ခန်း၊ သန့်စင်ခန်းများ၊ ရေထောက်ပံ့မှုစနစ်နှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံ ပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါ သည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၇၇)ဦး အကျိုးခံစားရ မည်ဖြစ်ပါ သည်။
ဂျပန်နိုင်ငံသည် သဘာဝဘေးအန္တရာယ်များစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ ထို့အတူဂျပန်နိုင်ငံသည် ပြီးခဲ့သောဘေး အန္တရာယ်များမှ သင်ခန်းစာများရယူကာ “ပိုမိုကောင်းမွန်အောင်ပြန်လည်တည်ဆောက်ခြင်း” ဆိုသော အယူအဆကို တစ်ကမ္ဘာလုံး၌ပျံ့နှံ့သွားစေရန် မိတ်ဆက်ခဲ့ပါသည်။ “ပိုမိုကောင်းမွန်အောင် ပြန်လည်တည်ဆောက်ခြင်း” ဆိုသည်မှာ သဘာဝ ဘေးအန္တရာယ်တစ်ခုဖြစ်ပွားပြီးနောက် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများလျှော့ချနိုင်ရန် သဘာဝဘေးအန္တရာယ် မဖြစ်ပွားမီအချိန်ကထက် လူမှုအဖွဲ့အစည်းကို ပိုမိုခိုင်မာကောင်းမွန်လာအောင် ပြန်လည်တည်ဆောက်ခြင်း ဖြစ်ပါ သည်။ ဤအတွေးအခေါ်အပေါ် အခြေခံ၍ ဂျပန်အစိုးရအနေဖြင့် ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီ အစဉ်အရ ကျောင်းအဆောက်အအုံအသစ်များကို မုန်တိုင်းမတိုက်မီကာလက ထိခိုက်ပျက်စီးခဲ့ရသော ကျောင်းအ ဆောက်အအုံထက် ပိုမိုတောင့်တင်းခိုင်မာအောင် ပြန်လည်တည်ဆောက်ပေးခြင်းဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၈၆၆)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၃၅)ခု၊ ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝ၁)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံ အဆောက်အအုံ စီမံကိန်းပေါင်း(၅၅)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီး ဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာလာ စေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
![]() |