
ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ တာမလိုကျေးရွာနှင့် တာပတ်ကျေးရွာ(အနောက်) လမ်းများ အဆင့်မြှင့်တင်ခြင်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁၁၁,၈၅၇) ပေးအပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် ကျေးရွာလမ်းနှစ်လမ်းအဆင့်မြှင့်တင်ခြင်းစီမံကိန်း လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ၂ဝ၁၈ ခုနှစ်၊ မေလ (၁၆) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန် သံရုံးမှ တတိယအတွင်းဝန် Ms. Satoko ISHIMARU ၊ မအူပင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး၊ ကျိုက်လတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၊ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
တာမလိုကျေးရွာနှင့် တာပတ်ကျေးရွာ(အနောက်)တွင်တည်ရှိသော လမ်းနှစ်လမ်းသည် မအူပင်မြို့သို့ သွားသော အဝေးပြေးလမ်းမကြီးနှင့် ဆက်သွယ်ထားပါသည်။ အဆိုပါလမ်းများကို အသုံးပြု၍ ကျေးရွာသူကျေးရွာသားများ သည် စိုက်ပျိုးထုတ်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း၊ လူနာများကို ဆေးရုံသို့ ပို့ဆောင်လွှဲပြောင်းပေးခြင်းနှင့် ကျောင်းသူကျောင်းသားများကို အနီးဆုံးကျေးရွာရှိ အထက်တန်းကျောင်းများသို့ ပို့ဆောင်ခြင်းများအတွက် အသုံးပြု ခဲ့ကြပါသည်။ သို့သော် အဆိုပါလမ်းများသည် မိုးရာသီတွင် ရွှံ့နွံထူထပ်ပြီး ဖြတ်သန်းသွားလာရန်ခက်ခဲသော ကြောင့် အရေးပေါ်လူနာအချို့ အချိန်မီကုသမှုမရရှိခဲ့သည့်အတွက် အသက်ဆုံးရှုံးခဲ့ရပါသည်။ အဆိုပါအခက်အခဲကို ဖြေရှင်းရန် ဂျပန်အစိုးရက တာမလိုကျေးရွာအတွက် သံကူကွန်ကရစ်တံတားငယ်တစ်ခုနှင့် ရေပြွန်(၂)ခု ပါဝင်သော (၅၈၅)မီတာအရှည်ရှိသည့် ကွန်ကရစ်လမ်းနှင့် တာပတ်ကျေးရွာ(အနောက်)အတွက် (၈၂၇)မီတာအရှည်ရှိသော ကွန်ကရစ်လမ်းများခင်းရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ပတ်ဝန်းကျင်ကျေးရွာ(၁၂) ရွာမှ ဒေသခံပြည်သူ(၆,၆၅ဝ)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည်မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်ပြီး စီမံကိန်းပေါင်း(၈၆၆)ခုကိုထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၃၅)ခု၊ကျန်းမာရေးစောင့် ရှောက်မှုအဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝ၁)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံ အဆောက်အအုံစီမံကိန်းပေါင်း(၅၅)ခုနှင့် အခြားအမျိုးမျိုးသောစီမံကိန်းပေါင်း(၃၅)ခုတို့ကို ဆောက်လုပ်ကူညီခဲ့ပြီး ဖြစ်ပါသည်။ ဤအထောက်အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာ လာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |
![]() |