ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ပဲခူးတိုင်းဒေသကြီးတွင် စာသင်ကျောင်းနှစ်ကျောင်းနှင့် တံတားတစ်စင်း ဆောက်လုပ်ပြီးစီးခဲ့
၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်

ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် (အမေရိကန်ဒေါ်လာ ၃၇၂,၄၃၇) ပေးအပ်ခဲ့ပါသည်။ အဆိုပါစီမံကိန်းများမှာ-
၁) ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ မြောက်ချောကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက် လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁ဝ၅,၁၁ဝ)၊
၂) ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ကုန်းဝိုင်းကြီးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ဆောက်လုပ်ရေး စီမံကိန်း (အမေရိကန်ဒေါ်လာ ၁၃၁,၅ဝ၆) နှင့်
၃) ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မီးတိုင်တောကျေးရွာ တံတားဆောက်လုပ်ရေးစီမံကိန်း (အမေရိကန် ဒေါ်လာ ၁၃၅,၈၂၁) တို့ဖြစ်ကြပါသည်။

အထက်ပါ စီမံကိန်းသုံးခုအတွက် စာသင်ကျောင်းနှစ်ကျောင်းနှင့် တံတားတစ်စင်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများကို ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၂ နှင့် ၃ ရက်နေ့တို့တွင် ဒိုက်ဦးနှင့် ကျောက်ကြီးမြို့နယ်များ၌ အသီးသီးကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး တတိယအတွင်းဝန် Ms. Ayano SUZUKI ၊ ဒိုက်ဦးမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်၊ ကျောက်ကြီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ငွေ၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြသောင်း၊ ဒိုက်ဦးမဲဆန္ဒနယ် အမှတ်(၂) ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသူရဇော်၊ ဆောက်လုပ်ရေးစီမံကိန်း ကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

မြောက်ချောကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းဆောင်(၃)ဆောင်ရှိပါသည်။ သို့သော် ကျောင်းဆောင်(၁)နှင့် ယာယီကျောင်းဆောင်မှာ ဆိုးရွားစွာပျက်စီးနေပြီး ကျောင်းခေါင်မိုးတွင်အပေါက်များနှင့် နံရံများ ကြားတွင် အပေါက်ကြီးများရှိနေခဲ့ပါသည်။ ထို့ကြောင့် ကျောင်းသူကျောင်းသားများသည် ပညာသင်ကြားနေစဉ်အတွင်း ရာသီဥတုဒဏ်ကို ခံစားခဲ့ကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန် အစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်း(၆)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အ ပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေး ခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၁၃၉)ဦး အကျိုးခံစား ကြရမည်ဖြစ်ပါသည်။

ထိုနည်းတူစွာ ကုန်းဝိုင်းကြီးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ၁၉၇၅ ခုနှစ်က တည်ဆောက်ခဲ့သော ကျောင်း ဆောင်တစ်ဆောင်မှာ ပျက်စီးလွယ်ပြီး ဟောင်းနွမ်းသောပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သောကြောင့် ဆွေးမြည့်လျက်ရှိ ပါသည်။ သို့သော် ကျောင်းသူကျောင်းသားများသည် ကျောင်းဆောင်မရှိသောကြောင့် အဆိုပါ ကျောင်းဆောင်တွင် ပညာ သင်ကြားခဲ့ကြရပါသည်။ ထို့ပြင် အတန်း(၄)တန်းမှ ကျောင်းသူကျောင်းသားများမှာ ယာယီကျောင်းဆောင်အတွင်းရှိ ကျဉ်းမြောင်းသောစာသင်ခန်း(၂)ခန်းအတွင်း၌ ကျပ်ကျပ်တည်းတည်း ပညာသင်ကြားခဲ့ကြရပါသည်။ သင့်တင့်လျောက် ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအ စဉ်အရ စာသင်ခန်း(၈)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင် တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြား နေကြသော ကျောင်းသူကျောင်းသား(၁၃၈)ဦး အကျိုးခံစားကြရမည်ဖြစ်ပါသည်။

မီးတိုင်တောကျေးရွာရှိ သစ်သားတံတားအဟောင်းကို မော်တော်ဆိုင်ကယ်စီးရေ(၂၆၅)၊ စက်ဘီးစီးရေ(၁၂ဝ)နှင့် ခြေကျင် သွားလာသူဦးရေ(၇ဝဝ)ကျော်တို့ နေ့စဉ်အသုံးပြုခဲ့ကြပါသည်။ သို့သော် အဆိုပါတံတားဟောင်းမှာ ဆိုးရွားစွာပျက်စီး လျက်ရှိခဲ့ပြီး ကုန်တင်ကားများနှင့်မော်တော်ကားများ ဖြတ်သန်းသွားလာ၍မရတော့သဖြင့် အရေးပေါ်လူနာများကို ဆေးရုံ သို့ပို့ဆောင်ခြင်း၊ ကျောင်းသူကျောင်းသားများ ကျောင်းသို့သွားလာခြင်းနှင့် လယ်ယာထွက်ကုန်များ ပို့ဆောင်ခြင်းများ အတွက် အနီးဆုံးမြို့သို့သွားရောက်ရာတွင် ရွာသူရွာသားများ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ အဆိုပါ အခက်အခဲများကိုဖြေရှင်းနိုင်ရန် ဂျပန်အစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ (၁ဝ၈.၅) မီတာအရှည်ရှိပြီး (၄.၂)မီတာကျယ်ဝန်းသည့် ချဉ်းကပ်လမ်းများပါဝင်သော သံမဏိယက်မတံတားတစ်စင်း ဆောက်လုပ် ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ပတ်ဝန်းကျင်ကျေးရွာ(၅)ရွာမှ လူဦးရေ(၆ဝ,၄၈)ဦး အကျိုးခံစားကြရမည်ဖြစ်ပါသည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၈၆၆)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၃၅)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝ၁)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၅၅)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့ များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။