ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ချင်းပြည်နယ်တွင် စာသင်ကျောင်းသုံးကျောင်း ဆောက်လုပ်ခြင်းအတွက် (အမေရိကန်ဒေါ်လာ ၄၈၃,၂၁၅) ထောက်ပံ့မှု
၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA နှင့် ချင်းပြည်နယ်မှ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌတို့သည် စီမံကိန်းသုံးခုအတွက် အထောက်အပံ့ပေးရေး သဘောတူစာချုပ်များကို ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့တွင် လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါ သဘောတူစာချုပ်များအရ ဂျပန်နိုင်ငံ အစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်း (အမေရိကန်ဒေါ်လာ ၄၈၃,၂၁၅)ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်းများမှာ-

၁။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဆွောင်းဒိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၇၅,၄၂၈)၊
၂။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဗန်ဗားကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၁၆,၇၆၆) နှင့်
၃။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဘုတ်ဖီရ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၉၁,ဝ၂၁) တို့ဖြစ်ကြပါသည်။

ဆွောင်းဒိုကျေးရွာ အခြေခံပညာအထက်ကျောင်း(ခွဲ)သည် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် တည်ရှိပါသည်။ အဆိုပါ ကျောင်းတွင် သစ်သားဖြင့်ဆောက်လုပ်ထားသော စာသင်ကျောင်းဆောင်နှစ်ဆောင် ရှိသော်လည်း ကျောင်းဆောင်များ ၏ ဖွဲ့စည်းပုံမှာ အလွန်ဟောင်းနွမ်းပြီး အရည်အသွေးမကောင်းသောကြောင့် ပြိုကျမည့်အန္တရာယ်ရှိနေပါသည်။ ထို့ပြင် စာသင်ခန်းများတွင် သင့်လျော်သောနံရံမရှိသဖြင့် အခြားသောအတန်းများမှ ဆူညံသံများကြောင့် ကျောင်းသူကျောင်း သားများ စာကိုအာရုံစိုက်ရန် ခက်ခဲနေပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေ ရန် ဂျပန်အစိုးရက စာသင်ခန်း(၈)ခန်း၊ သန့်စင်ခန်းများနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ် သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၂၁ဝ)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။

ဖလမ်းမြို့နယ်ရှိ အခြားစာသင်ကျောင်းတစ်ကျောင်းဖြစ်သည့် ဗန်ဗားကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) တွင် သူငယ်တန်းမှ (၈)တန်းအထိ ကျောင်းသူကျောင်းသားများပညာသင်ကြားရန် ကျောင်းဆောင်တစ်ဆောင် ရှိပါ သည်။ အဆိုပါကျောင်းဆောင်ကို လွန်ခဲ့သောနှစ်ပေါင်း(၂ဝ)ကျော်က ဆောက်လုပ်ခဲ့ပြီး ဟောင်းနွမ်းသော သစ်သား ကျောင်းဆောင်ဖြစ်သည့်အတွက် တိုင်များမှာယိုယွင်းပျက်စီးပြီး ပြိုကျနိုင်သောအန္တရာယ် ရှိနေပါသည်။ ထို့ပြင် စာသင် ခန်းများ၏နံရံကို ဝါးဖြင့် ကာထားသောကြောင့် အခြားအတန်းများမှ ဆူညံသံများသည် အနှောင့်အယှက် ဖြစ်စေပါ သည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၅)ခန်း၊ သန့်စင်ခန်းများနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ် ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၆၃)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။

တီးတိန်မြို့နယ်ရှိ ဘုတ်ဖီရ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် စာသင်ကျောင်းဆောင်(၃)ဆောင် ရှိပါ သည်။ စာသင်ကျောင်းဆောင်(၃)ဆောင်ထဲတွင် ကျောင်းဆောင်တစ်ဆောင်မှာ အလွန်ဟောင်းနွမ်းပြီး သွပ်ဖြင့် ပြုလုပ် ထားသော အမိုးနှင့် နံရံများရှိပါသည်။ အခြားကျောင်းဆောင်တွင်လည်း ပျဉ်နံရံများအကြား ဟနေခြင်းနှင့် အပေါက်များ ရှိနေသောကြောင့် ကျောင်းသူကျောင်းသားများသည် လေဒဏ်မိုးဒဏ်များ ကြုံတွေ့ရပါသည်။ သို့သော် သင့်လျော် သော စာသင်ခန်းများမရှိသောကြောင့် သူငယ်တန်းမှ(၈)တန်းအထိ ကျောင်းသူကျောင်းသားများသည် အဆိုပါကျောင်း ဆောင်များထဲတွင် ပညာသင်ကြားခဲ့ကြရပါသည်။ သင့်တင့်လျောက်ပတ်ပြီး လုံခြုံမှုရှိသော ကျောင်းပတ်ဝန်းကျင် တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၈)ခန်း၊ သန့်စင်ခန်းများနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင် သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင်ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည် ဖြစ် ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၂၃၆)ဦး အကျိုးခံစား ကြရမည် ဖြစ်ပါသည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်း ပေါင်း(၈၇၂)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၄၂)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၅၅)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက် အပံ့များသည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့် လျက် ရှိပါသည်။