ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် (အမေရိကန်ဒေါ်လာ ၄၃၈,၅၆ဝ) ပေးအပ်ခဲ့ပါသည်။ အဆိုပါစီမံကိန်းများမှာ- 
၁)  ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေး အထက်တန်းကျောင်း ဆောက်လုပ်ရေး 
     စီမံကိန်း (အမေရိကန်ဒေါ်လာ ၁၃၆,၃၅၆)၊ 
၂)  ရခိုင်ပြည်နယ်၊ ပုဏ္ဍားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန ဆောက်လုပ်ရေး 
     စီမံကိန်း (အမေရိကန်ဒေါ်လာ ၁ဝ၁,၃၃၅) နှင့် 
၃)  ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မြို့နယ်ဆေးရုံတိုးချဲ့ဆောက်လုပ်ခြင်းနှင့် ဆေးရုံသုံးပစ္စည်းများ အဆင့်မြှင့် 
     တင်ခြင်းစီမံကိန်း (အမေရိကန်ဒေါ်လာ ၂ဝဝ,၈၆၉) တို့ဖြစ်ကြပါသည်။ 
အထက်ပါ စီမံကိန်းသုံးခုအတွက် စာသင်ကျောင်းတစ်ကျောင်း၊ ကျေးလက်ကျန်းမာရေးဌာနတစ်ခုနှင့် ဆေးရုံတစ်ရုံ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၁၁ နှင့် ၁၂ ရက်နေ့တို့တွင် စစ်တွေ၊ ပုဏ္ဍားကျွန်းနှင့် ရသေ့တောင်မြို့နယ်များ၌ အသီးသီးကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး သံမှူးကြီး Mr. Toru MAEDA ၊ ဆောက်လုပ်ရေးစီမံကိန်း ကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက် ရောက်ခဲ့ကြပါသည်။
ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေး အထက်တန်းကျောင်းသည် စစ်တွေမြို့နယ်တွင် တည်ရှိပါသည်။ ကျောင်းသူ ကျောင်းသားအရေအတွက်မှာ တစ်နှစ်ပြီးတစ်နှစ် များပြားလာသောကြောင့် လက်ရှိစာသင်ကျောင်းဆောင်တစ်ဆောင်နှင့် ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ကျောင်းသူကျောင်းသားအားလုံး တက်ရောက်ရန် နေရာအခက်အခဲရှိခဲ့ပါသည်။ ထို့ကြောင့် ကျောင်းသူကျောင်းသားများသည် ကျောင်းသင်ရိုးညွှန်းတမ်းထက် နောက်ကျ၍ သင်ယူခဲ့ကြရပြီး နံနက်ပိုင်း နှင့် မွန်းလွဲပိုင်း စာသင်ချိန်(၂)ချိန်ခွဲကာ ပညာသင်ကြားခဲ့ကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင် တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက ၄င်း၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်း(၉)ခန်း၊ သန့်စင်ခန်း၊ ရေသွယ်စနစ်နှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော သုံးထပ်သံကူကွန်ကရစ် ကျောင်းဆောင် တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြား နေကြသော ကျောင်းသူကျောင်းသား (၁,၁၉၅) ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။
ကွမ်းတောင်ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနကို ၁၉၈၄ ခုနှစ်က တည်ဆောက်ခဲ့ပြီး အနီးပတ်ဝန်းကျင်(၂၉)ရွာမှ ကျေးရွာသူရွာသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။ သို့သော် ကျန်းမာရေး ဌာနအဆောက်အအုံမှာ ဆိုးရွားစွာယိုယွင်းပျက်စီးလျက်ရှိသောကြောင့် လူနာများသည် ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးကြစဉ် လေဒဏ်မိုးဒဏ်များ ကြုံတွေ့ခံစားခဲ့ကြရပါသည်။ ထို့ပြင် ကျေးလက်ကျန်းမာရေးဌာနသည် အဆောက်အအုံမရှိသည့်အပြင် ဆေးခန်းသုံးပစ္စည်းကိရိယာများ ချို့တဲ့မှုနှင့်လည်း ရင်ဆိုင်ခဲ့ရပါသည်။ အဆိုပါ အခက် အခဲကိုဖြေရှင်းရန် ဂျပန်အစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ ပစ္စည်းအမျိုးအစား(၁၈)ခု ပါဝင်သည့် ဆေးခန်းသုံးစက်ကိရိယာပစ္စည်းများနှင့် ပရိဘောဂအပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျန်းမာ ရေးဌာန အဆောက်အအုံတစ်ခုနှင့် ဝန်ထမ်းအိမ်ရာတစ်လုံး ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျေးရွာ(၂၉)ရွာမှ ကျေးရွာသူရွာသားများ (၂၃,၂၄၈)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။
ရသေ့တောင်မြို့နယ်ဆေးရုံသည် ဒေသအတွင်း လူဦးရေပေါင်း(၁၆၈,၄ဝဝ)ကို ဆေးဝါးကုသမှုပေးနေသည့် မြို့နယ် အထွေထွေရောဂါကု ဆေးရုံတစ်ရုံ ဖြစ်ပါသည်။ သို့သော် ဆေးရုံသုံးစက်ပစ္စည်းကိရိယာများမရှိခြင်း၊ လူနာစမ်းသပ်ခန်းနှင့် လူနာများ အိပ်စက်အနားယူရန် အိပ်ခန်းမရှိသည့်အခက်အခဲများ ကြုံတွေ့ခဲ့ကြရပါသည်။ ထို့ကြောင့် လူနာနားနေခန်းမှာ အမြဲပင်လူပြည့်နေခဲ့ပြီး လူနာကုတင်များကို ဆေးရုံဝရံတာများ၌ ထားရှိရပါသည်။ သင့်တင့်လျောက်ပတ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် ပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက လျှောက်လမ်း၊ မီးစက်၊ ပစ္စည်း အမျိုးအစား(၉)မျိုးပါဝင်သည့် ဆေးရုံသုံးစက်ကိရိယာပစ္စည်းများနှင့် ပရိဘောဂအပြည့်အစုံပါဝင်သော တစ်ထပ်သံကူ ကွန်ကရစ် ဆေးရုံလူနာဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ရသေ့တောင်မြို့နယ်မှ ဒေသခံပြည်သူ (၁၆၈,၄ဝဝ)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၈၈ဝ)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၅ဝ)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၅၅)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့ များသည် လက်ရှိမြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါ သည်။
![]()  | 
						![]()  | 
						![]()  | 
						
						
					

.jpg)
.jpg)
.jpg)
No.100 Natmauk Road, Bahan Township, Yangon
			
01-549644~8