ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ရခိုင်ပြည်နယ်တွင် စာသင်ကျောင်းတစ်ကျောင်းနှင့် ဆေးရုံတစ်ရုံ ဆောက်လုပ်ပြီးစီးခဲ့
၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်

ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် (အမေရိကန်ဒေါ်လာ ၃ဝ၄,၈၉၃) ပေးအပ်ခဲ့ပါသည်။ အဆိုပါစီမံကိန်းများမှာ-

၁) ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အုန်းတောချောင်ကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၃၇,၆၅၃) နှင့်
၂) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မြို့နယ်ဆေးရုံတိုးချဲ့ဆောက်လုပ်ခြင်းနှင့် ဆေးရုံသုံးပစ္စည်းများ အဆင့် မြှင့်တင်ခြင်းစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၆၇,၂၄ဝ) ဖြစ်ပါသည်။

အထက်ပါ စီမံကိန်းနှစ်ခုအတွက် စာသင်ကျောင်းတစ်ကျောင်းနှင့် ဆေးရုံတစ်ရုံ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၁၃ နှင့် ၁၄ ရက်နေ့တို့တွင် ပေါက်တောနှင့် ကျောက်တော်မြို့နယ်များ၌ အသီးသီးကျင်းပခဲ့ ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး တတိယအတွင်းဝန် Ms. Suzumi SEKINE ၊ ဆောက်လုပ် ရေးစီမံကိန်း ကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

အုန်းတောချောင်ကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းကျောင်းသည် ပေါက်တောမြို့နယ်တွင် တည်ရှိပါသည်။ အဆိုပါကျောင်းတွင် ဘာသာရေးကျောင်းဆောင်အပါအဝင် စာသင်ကျောင်းဆောင်(၂)ဆောင်ရှိသော်လည်း ကျောင်း ဆောင်(၂)ဆောင်တွင် ကျောင်းသူကျောင်းသားအားလုံး တက်ရောက်ရန် နေရာအခက်အခဲရှိခဲ့ပါသည်။ ထို့ကြောင့် ကျောင်းသူကျောင်းသား(၁၃ဝ)ကျော်သည် ဘာသာရေးအဆာက်အအုံတွင် ပညာသင်ကြားခဲ့ကြရပါသည်။ ထို့ပြင် ကျောင်းဆောင်အမှတ်(၁)သည် ၂ဝ၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဆိုးရွားစွာယိုယွင်းပျက်စီး ခဲ့ပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရန် ဂျပန်အစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်း(၈)ခန်း၊ သန့်စင်ခန်းများ၊ ရေသွယ်စနစ်နှင့် ကျောင်းသုံး ပရိဘောဂအပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေ ထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၂၇၆)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။

ကျောက်တော်မြို့နယ်ဆေးရုံသည် ဒေသအတွင်း လူဦးရေပေါင်း(၂၂၂,ဝဝဝ)ကို ဆေးဝါးကုသမှုပေးနေသည့် မြို့နယ် အထွေထွေရောဂါကု ဆေးရုံတစ်ရုံ ဖြစ်ပါသည်။ သို့သော် ဆေးရုံသုံးစက်ပစ္စည်းကိရိယာများမလုံလောက်ခြင်း၊ လူနာ စမ်းသပ်ခန်းနှင့် လူနာများအိပ်စက်အနားယူရန် အိပ်ခန်းမရှိသည့်အခက်အခဲများ ကြုံတွေ့ခဲ့ကြရပါသည်။ ထို့ကြောင့် လူနာနားနေခန်းမှာ အမြဲပင်လူပြည့်နေခဲ့ပြီး လူနာကုတင်များကို ဆေးရုံဝရံတာများ၌ ထားရှိရပါသည်။ သင့်တင့် လျောက်ပတ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် ပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက လျှောက် လမ်း၊ မီးစက်၊ ပစ္စည်းအမျိုးအစား(၆)မျိုးပါဝင်သည့် ဆေးရုံသုံးစက်ကိရိယာပစ္စည်းများနှင့် ပရိဘောဂအပြည့်အစုံပါဝင် သော တစ်ထပ်သံကူကွန်ကရစ် ဆေးရုံလူနာဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောက်တော်မြို့နယ်မှ ဒေသခံပြည်သူ (၂၂၂,ဝဝဝ)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၈၈ဝ)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၅ဝ)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၅၅)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့ များသည် လက်ရှိမြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။