ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ တနင်္သာရီနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စာသင်ကျောင်းသုံးကျောင်း ဆောက်လုပ်ခြင်းအတွက် (အမေရိကန်ဒေါ်လာ ၄၄၆,၂၈၂) ထောက်ပံ့မှု
၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA နှင့် တနင်္သာရီနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌတို့သည် စီမံကိန်းသုံးခုအတွက် အထောက်အပံ့ပေးရေး သဘောတူစာချုပ်များကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့တွင် လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါ သဘောတူ စာချုပ်များအရ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်း (အမေရိကန်ဒေါ်လာ ၄၄၆,၂၈၂)ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်းများမှာ-

၁။ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဘာလိအော်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၂၅,၄၃ဝ)၊
၂။ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ မကြုံဂလက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၄၁,၁ဝဝ) နှင့်
၃။ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ကွင်းဘောဇရပ်ဆိပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၇၉,၇၅၂) တို့ဖြစ်ကြပါသည်။

ဘာလိအော်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းသည် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် တည်ရှိပါသည်။ အဆိုပါကျောင်းတွင် သူငယ်တန်းမှ အဋ္ဌမတန်းကျောင်းသူကျောင်းသားများ ပညာသင်ကြားရန် စာသင် ခန်း(၄)ခန်းပါဝင်သော ကျောင်းဆောင်တစ်ဆောင်ရှိပါသည်။ ထို့ကြောင့် အတန်း(၂)တန်းမှ ကျောင်းသူကျောင်းသား များသည် စာသင်ခန်းတစ်ခန်းတွင် ပညာသင်ကြားကြရပြီး အခြားအတန်းများမှ ဆူညံသံများကြောင့် ကျောင်းသူ ကျောင်းသားများ စာကိုအာရုံစိုက်ရန် ခက်ခဲနေပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၄)ခန်း၊ သန့်စင်ခန်းများနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည် ဖြစ်ပါ သည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၂၆၁)ဦး အကျိုးခံစား ကြရမည် ဖြစ်ပါသည်။

ကော့သောင်းမြို့နယ်တွင် အခြားကျောင်းတစ်ကျောင်းဖြစ်သော မကြုံဂလက်ကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)သည် ဘိုကြုံကျွန်းတွင် တည်ရှိပါသည်။ အဆိုပါကျောင်းတွင် ကျောင်းဆောင်(၃)ဆောင်ရှိသော်လည်း ကျောင်းဆောင်(၂)ဆောင်မှာ ခြများကိုက်စားသည့်ဒဏ်ကြောင့် ဆွေးမြည့်ပျက်စီးလျက်ရှိပါသည်။ ထို့ပြင် အဆိုပါ ကျောင်းဆောင်(၂)ဆောင်မှာ ခန်းဖွဲ့မရှိသော စာသင်ခန်းများဖြင့် ဖွဲ့စည်းထားပြီး အတန်း(၂-၃)တန်းမှ ကျောင်းသူ ကျောင်းသားများသည် နေရာတစ်ခုတည်းတွင် ပညာသင်ကြားနေကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်း ပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရန် ဂျပန်အစိုးရက ကျောင်းသုံးပရိဘောဂအပြည့်အစုံနှင့် စာသင်ခန်း(၅)ခန်း ပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်(၂)ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည် ဖြစ်ပါ သည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၂၅၇)ဦး အကျိုးခံစား ကြရမည် ဖြစ်ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ကွင်းဘောဇရပ်ဆိပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် စာသင်ခန်းအရေအတွက် လုံလောက်မှုမရှိသောကြောင့် ကျေးရွာသူကျေးရွာသားများသည် ယာယီကျောင်းဆောင်(၂) ဆောင် ဆောက်လုပ်ခဲ့ရပါသည်။ အဆိုပါ ယာယီကျောင်းဆောင်များတွင် သင့်လျော်သော နံရံများနှင့် မျက်နှာကျက် များမရှိသောကြောင့် ကျောင်းသူကျောင်းသားများသည် ပညာသင်ကြားနေကြစဉ်အတွင်း လေဒဏ်မိုးဒဏ်များ ထိတွေ့ ခံစားကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင် တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း (၁ဝ)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြား နေကြသော ကျောင်းသူကျောင်းသား(၉၃၅)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်း ပေါင်း(၈၈၃)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၅၃)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၅၅)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက် အပံ့များသည် လက်ရှိဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။