
မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ သံအမတ်ကြီး Mr. Tateshi HIGUCHI နှင့် ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် တို့မှ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌတို့သည် စီမံကိန်းလေးခုအတွက် အထောက်အပံ့ပေးရေး သဘောတူစာချုပ်များကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါသဘောတူစာချုပ်များအရ ဂျပန်နိုင်ငံ အစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်း (အမေရိကန်ဒေါ်လာ ၃၇၆,၃၉၂) ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်းများမှာ-
၁။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တယ်ချောင်းကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေး အလယ်တန်း ကျောင်းဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၁၆,ဝဝ၁)၊
၂။ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဘုံကျော် ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းကျောင်းဆောက်လုပ်ရေး စီမံကိန်း (အမေရိကန်ဒေါ်လာ ၈၇,၉၉၁)၊
၃။ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဆပ်ကွင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာန(ခွဲ) ဆောက်လုပ်ရေး စီမံကိန်း (အမေရိကန်ဒေါ်လာ ၇၈,၃၉ဝ) နှင့်
၎။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒါအထက် အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန် ဒေါ်လာ ၉၄,ဝ၁ဝ) တို့ဖြစ်ကြပါသည်။
တယ်ချောင်းကျေးရွာ ဘုန်းတော်ကြီးသင်အလယ်တန်းကျောင်းရှိ ကျောင်းသူကျောင်းသားများမှာ ချို့တဲ့သောကျောင်း ပတ်ဝန်းကျင်တစ်ခုတွင် ပညာသင်ကြားနေရပါသည်။ ဘာသာရေးအဆောက်အအုံတစ်ခုအပါအဝင် စာသင်ကျောင်း ဆောင်နှစ်ဆောင်ရှိသော်လည်း အဆိုပါကျောင်းဆောင်များတွင် ကျောင်းသူကျောင်းသားအားလုံး တက်ရောက်ရန်နေရာ မပေးနိုင်ပါ။ ထို့ကြောင့် အတန်း(၃)တန်းမှ ကျောင်းသူကျောင်းသားများမှာ ခန်းဖွဲ့မရှိသော စာသင်ခန်းတစ်ခုအတွင်း၌ ပညာသင်ကြားနေကြရပါသည်။ ဆိုးရွားသောအခြေအနေမှာ သတ္တမတန်း ကျောင်းသူကျောင်းသားများသည် ကျောင်း ဆောင်၏ တံစက်မြိတ်များအောက်၌ ပညာသင်ကြားကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင် တစ်ခုကိုဖန်တီးရန် ဂျပန်အစိုးရက စာသင်ခန်း(၆)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူ ကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်း ကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၂၈၆)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။
ဘုံကျော် ဘုန်းတော်ကြီးသင်မူလတန်းကျောင်းရှိ ကျောင်းဆောင်ကို ၂ဝဝ၄ ခုနှစ်၌ ကျေးရွာကလှူဒါန်းမှုဖြင့် ဆောက်လုပ်ခဲ့ ပါသည်။ သို့သော်လည်း စာသင်ခန်းအရေအတွက် မလုံလောက်သဖြင့် ကျောင်းသူကျောင်းသားအချို့မှာ ဘာသာရေး အဆောက်အအုံကို အသုံးပြုရပါသည်။ ဘာသာရေးပွဲတော်များအတွင်း အဆိုပါကျောင်းသူကျောင်းသားများသည် ၄င်း အဆောက်အဦးကို အသုံးပြု၍မရသဖြင့် သင်ရိုးညွှန်းတမ်းကို သင်ကြားရမည့် အချိန်ဇယားထက်လျော့နည်းကာ သင်ယူ ကြရပါသည်။ အဆိုပါအခက်အခဲကိုဖြေရှင်းရန် ဂျပန်အစိုးရက စာသင်ခန်း(၆)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံ ပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၂၇၉)ဦး အကျိုးခံစား ရမည်ဖြစ်ပါသည်။
ဆပ်ကွင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)သည် ၁၉၆၂ ခုနှစ်တည်းကပင် ရွာသူရွာသားများအတွက် ကျန်းမာရေး ဝန်ဆောင်မှုများ ပေးခဲ့ပါသည်။ ကျန်းမာရေးဌာနသည် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအတွင်းတည်ရှိသောကြောင့် အမျိုးသမီး များအတွက် သီးသန့်နေရာမရှိခဲ့ပါ။ သင့်တော်သောမီးဖွားခန်းနှင့် လုံလောက်သောကျန်းမာရေးပစ္စည်းများ မရှိသော ကြောင့် ကိုယ်ဝန်ဆောင်မိခင်များမှာ ကျန်းမာရေးနှင့် မညီညွတ်သောသန့်ရှင်းမှုမရှိသည့် နေအိမ်များတွင် မီးဖွားရပါသည်။ သင့်တင့်လျောက်ပတ်သော ကျန်းမာသန့်ရှင်းသည့်ပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရန် ဂျပန်အစိုးရက ဆေးပစ္စည်းများ၊ ဝန်ထမ်းအိမ်ရာတစ်လုံးနှင့် တစ်ထပ်သံကူကွန်ကရစ် ကျေးလက်ကျန်းမာရေးဌာနတစ်ခု ဆောက်လုပ်ရန်အတွက် ရံပုံငွေ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျေးရွာတွင်နေထိုင်ကြသော ဒေသခံပြည်သူ (၄,၈၉၃)ဦး အကျိုး ခံစားရမည်ဖြစ်ပါသည်။
ကဒါအထက် အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းဆောင်တစ်ဆောင်ကို ၁၉၅၄ ခုနှစ်၌ ဆောက်လုပ်ခဲ့ပါသည်။ အဆိုပါကျောင်းဆောင်တွင် နံရံများ၌အပေါက်များ၊ ဆွေးမြေ့နေသောတိုင်များနှင့် သံချေးတက်နေသာ ပြတင်းပေါက် ဘောင်များရှိပါသည်။ သို့သော်လည်း ကျောင်းသူကျောင်းသားများမှာ သင့်လျော်သောစာသင်ခန်းများ မလုံလောက်မှု ကြောင့် အဆိုပါ ကျောင်းဆောင်ကို အသုံးပြုနေရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ် လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၆)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၂၁၉)ဦး အကျိုးခံစားရမည်ဖြစ်ပါသည်။
ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်း ပေါင်း(၈၄၆)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၁၇)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝ၁)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၃၉)ခု၊ အခြေခံအဆောက်အ အုံ စီမံကိန်းပေါင်း(၅၄)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့များ သည် လက်ရှိမြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |
![]() |