ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီးတွင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ)တစ်ခု ဆောက်လုပ်ပြီးစီးခဲ့
၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်

ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် (အမေရိကန်ဒေါ်လာ ၇၈,၃၉ဝ) ကို ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဆပ်ကွင်း ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန(ခွဲ) ဆောက်လုပ်ရေးစီမံကိန်းအတွက် ပေးအပ်ခဲ့ပါသည်။

အထက်ပါ စီမံကိန်းအတွက် ကျေးလက်ကျန်းမာရေးဌာန(ခွဲ) လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး ဒုတိယအတွင်းဝန် Mr. Yuta ISOZAKI ၊ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး ၊ ဆောက်လုပ်ရေးစီမံကိန်း ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

ဆပ်ကွင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာန(ခွဲ) ကို ၁၉၆၂ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ပတ်ဝန်းကျင်ကျေးရွာ (၁၃)ရွာရှိ ကျေးရွာသူကျေးရွာသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ သို့သော်လည်း၊ ကျေးလက်ကျန်းမာရေးဌာန(ခွဲ) အဆောက်အအုံဆောက်လုပ်ရန်အတွက် ရံပုံငွေအခက်အခဲကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဖွင့်လှစ်ခဲ့ရပါသည်။ ထို့ကြောင့် ကျန်းမာရေးဌာန(ခွဲ)တွင် လွတ်လပ်မှုမရှိသောကြောင့် ကိုယ်ဝန်ဆောင်မိခင်အမျိုးသမီးအများစုမှာ ကျန်းမာရေးဌာန(ခွဲ)သို့သွားရောက် မီးဖွားရန် ဝန်လေးပြီး မိမိတို့နေအိမ် တွင်သာ အရဲစွန့်မီးဖွားကြသည်။ ထို့ပြင် ကျန်းမာရေးဌာန(ခွဲ)အနေဖြင့် ဝန်ထမ်းအိမ်ယာများနှင့် ကျန်းမာရေးအသုံး အဆောင်ပစ္စည်းများ လုံလောက်မှုမရှိသော အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပါသည်။ ဤအခက်အခဲများကို ဖြေရှင်းနိုင်ရန် အတွက် ဂျပန်အစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ ပရိဘောဂအပြည့်အစုံနှင့် ကျန်းမာရေးအသုံးအဆောင်ပစ္စည်း(၅)မျိုးပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျေးလက်ကျန်းမာရေးဌာန(ခွဲ)တစ် ဆောင်နှင့် ဝန်ထမ်းအိမ်ယာတစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျေးရွာ(၁၃)ရွာရှိ ဒေသခံပြည်သူ (၄,၈၉၃)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၈၈၆)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၅၆)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၅၅)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့ များသည် လက်ရှိဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါ သည်။