ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ချင်းပြည်နယ်တွင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ)တစ်ခုနှင့် စာသင်ကျောင်းနှစ်ကျောင်း ဆောက်လုပ်ပြီးစီးခဲ့
၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်

ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ ၄ဝ၃,၄၈၁ ပေးအပ်ခဲ့ပါသည်။ အဆိုပါစီမံကိန်းများမှာ-

၁) ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဖန်ထဲင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန(ခွဲ) ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၁၄,၂၁၁)၊
၂) ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ဈေးသစ်အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၆၃,၉၃၄) နှင့်
၃) ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဖါရွန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း(ခွဲ) ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၂၅,၃၃၆) တို့ဖြစ်ကြပါသည်။

အထက်ပါ စီမံကိန်းသုံးခုအတွက် ကျေးလက်ကျန်းမာရေးဌာန(ခွဲ)တစ်ခုနှင့် စာသင်ကျောင်းနှစ်ကျောင်း လွှဲပြောင်းပေး အပ်ပွဲအခမ်းအနားများကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ နှင့် ၁၅ ရက်နေ့တို့တွင် ထန်တလန်နှင့် ဟားခါးမြို့နယ်များ၌ အသီးသီးကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး တတိယအတွင်းဝန် Ms. Suzumi SEKINE ၊ ဦးပေါင်လွန်းမင့်ထန် ချင်းပြည်နယ်လူမှုရေးဝန်ကြီး၊ ဆောက်လုပ်ရေးစီမံကိန်းကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီအဖွဲ့ဝင် များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

ဖန်ထဲင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)သည် ၁၉၈၂ ခုနှစ်တည်းကပင် ရွာသူရွာသားများအတွက် ကျန်းမာရေး ဝန်ဆောင်မှုများ ပေးခဲ့ပါသည်။ ကျန်းမာရေးဌာနအဆောက်အအုံသည် ဆိုးရွားစွာယိုယွင်းပျက်စီးခဲ့ပြီး သားဖွားခန်းနှင့် ကျန်းမာရေးပစ္စည်းကိရိယာများ လုံလောက်မှုမရှိသောကြောင့် ကိုယ်ဝန်ဆောင်မိခင်များမှာ ကျန်းမာရေးနှင့်မညီညွတ် သော သန့်ရှင်းမှုမရှိသည့်နေအိမ်များ၌ မီးဖွားခဲ့ရပါသည်။ ထို့ပြင် ဝန်ထမ်းအိမ်ရာမရှိသောကြောင့် သားဖွားဆရာမ တစ်ဦး သည် ကျန်းမာရေးဌာနတွင်နေထိုင်ခဲ့ရပြီး ကျန်းမာရေးကြီးကြပ်ရေးမှူးတစ်ဦးသည် ကျေးရွာအုပ်ချုပ်ရေးမှူး၏ အိမ်တွင် နေထိုင်ခဲ့ရပါသည်။ သင့်တင့်လျောက်ပတ်သော ကျန်းမာသန့်ရှင်းသည့် ပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ ဆေးပစ္စည်းကိရိယာများနှင့် ဆိုလာမီးဆက်သွယ်မှုပါဝင်သော ဝန်ထမ်းအိမ်ရာတစ်လုံးနှင့် တစ်ထပ်သံကူကွန်ကရစ် ကျေးလက်ကျန်းမာရေးဌာန ဆောက်လုပ်ရန်အတွက် ရံပုံငွေ ထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ဖန်ထဲင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် နေထိုင်ကြသော လူဦးရေ(၁,၄၈၃)ဦး အကျိုးခံစားကြရမည်ဖြစ်ပါသည်။

ဈေးသစ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စာသင်ကျောင်းဆောင်မလုံလောက်သောကြောင့် သွပ်မိုးနှင့် တာပေါ်လင်နံရံဖြင့် ဆောက်လုပ်ထားသော ယာယီကျောင်းဆောင်(၃)ဆောင်ကိုအသုံးပြု၍ ပညာသင်ကြားခဲ့ကြရပါ သည်။ ဤဒေသတွင် မိုးရာသီကာလ၌ မိုးအလွန်များပြီး ခြောက်သွေ့သောကာလတွင် အပူချိန်(၁ဝ)ဒီဂရီ စင်တီဂရိတ် အောက်သို့ကျတတ်ပါသည်။ ထို့ကြောင့် ကျောင်းသူကျောင်းသားများသည် ပညာသင်ကြားနေစဉ်အတွင်း ပြင်းထန် သောရာသီဥတုဒဏ်ကို ထိတွေ့ခံစားခဲ့ကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေ ရန် ဂျပန်အစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်း(၈)ခန်းနှင့် ကျောင်းသုံး ပရိဘောဂအပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေ ထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၁,၂ဝ၈) ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။

ဖါရွန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း(ခွဲ)တွင် ကျောင်းသူကျောင်းသားအားလုံးအတွက် လုံလောက်သော စာသင်ကျောင်းဆောင်မရှိသောကြောင့် တတိယတန်းနှင့် စတုတ္ထတန်းကျောင်းသူကျောင်းသားများသည် ၄င်းတို့ ကျောင်း ဝင်းမှ တစ်နာရီခန့် လမ်းလျှောက်သွားရသော အခြားအအောက်အအုံတစ်ခုတွင် ပညာသင်ကြားခဲ့ကြရပါသည်။ ထို့ပြင် သူငယ်တန်းမှ ဒုတိယတန်းကျောင်းသူကျောင်းသားများသည် ဟောင်းနွမ်းပြီးပြိုကျနိုင်သည့် ယိုယွင်းပျက်စီးနေသော ကျောင်းဆောင်တစ်ဆောင်တွင်ပင် ပညာသင်ကြားခဲ့ကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင် တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်း(၅)ခန်း၊ သန့်စင်ခန်းများနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၁၁၇)ဦး အကျိုးခံစားကြရမည်ဖြစ်ပါသည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၈၈၆)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၅၆)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၅၅)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့ များသည် လက်ရှိ ဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါ သည်။