ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် လမ်းတစ်လမ်းနှင့် စာသင်ကျောင်းသုံးကျောင်း ဆောက်လုပ်ခြင်းများအတွက် အမေရိကန်ဒေါ်လာ ၅၅၅,၆၂၃ ထောက်ပံ့မှု
၂ဝ၁၉ ခုနှစ်၊ မတ်လ (၆) ရက်

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး သံမှူး Ms. Tomoko YOSHIHIRO နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌတို့သည် စီမံကိန်းလေးခုအတွက် အထောက် အပံ့ပေးရေး သဘောတူစာချုပ်များကို ၂ဝ၁၉ ခုနှစ် မတ်လ(၆)ရက်နေ့တွင် လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါ သဘောတူ စာချုပ်များအရ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၅၅,၆၂၃ ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်းများမှာ-

၁။ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ပက်အင်းကလေးကျေးရွာနှင့် ကျောင်းကုန်းကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၂ဝ၁,၉၉၄) ၊
၂။ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ လိုဘာခိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေး စီမံကိန်း (အမေရိကန်ဒေါ်လာ ၁၁၁,၂၆၄) ၊
၃။ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်း (အမေရိကန်ဒေါ်လာ ၉၈,၆၂၅) နှင့်
၎။ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၄၃,၇၄ဝ) တို့ဖြစ်ကြပါသည်။

ပက်အင်းကလေးကျေးရွာနှင့် ကျောင်းကုန်းကျေးရွာချင်းဆက်လမ်းသည် ကောက်ပဲသီးနှံများကို ရန်ကုန်ရှိဈေးကြီးများ သို့ ပို့ဆောင်ရန် ဒေသတွင်းအရေးကြီးသော ဆက်သွယ်ရေးလမ်းတစ်လမ်းဖြစ်ပါသည်။ ထို့ပြင် ၄င်းဒေသတွင် ဆေးရုံ နှင့် အထက်တန်းကျောင်းမရှိသောကြောင့် လူမှုရေးဝန်ဆောင်မှုများ လက်လမ်းမီနိုင်ရန် ဒေသခံပြည်သူများသည် အဆို ပါလမ်းကို ကျယ်ပြန့်စွာအသုံးပြုကြရပါသည်။ သို့သော် မိုးတွင်းကာလ၌ လမ်း၏အခြေအနေမှာ ဆိုးရွားလာသော ကြောင့် ခြေလျင်ဖြတ်သန်းသွားလာဖို့ပင် လွန်စွာခက်ခဲမှုရှိလာပါသည်။ အဆိုပါအခက်အခဲများကို ဖြေရှင်းရန် ဂျပန် အစိုးရက ရေပြွန်တစ်ခုပါဝင်သော (၁,၁၄၇)မီတာအရှည်ရှိသည့်လမ်းကို အဆင့်မြှင့်တင်ရန်အတွက် ရံပုံငွေထောက်ပံ့ ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် အနီးပတ်ဝန်းကျင် ကျေးရွာ(၅)ရွာမှ ဒေသခံပြည်သူ(၃,၄ဝဝ)ဦး အကျိုး ခံစားကြရမည် ဖြစ်ပါသည်။

လိုဘာခိုကျေးရွာသည် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် တည်ရှိပါသည်။ လိုဘာခိုကျေးရွာ အခြေခံပညာအ ထက်တန်းကျောင်း(ခွဲ)တွင် စာသင်ဆောင်(၃)ဆောင်ရှိပါသည်။ သို့သော် စာသင်ဆောင်(၁)နှင့်(၂)သည် လွန်ခဲ့သော နှစ်ပေါင်း(၂၆)ခုနှစ်နှင့် (၃၁)ခုနှစ်က အသီးသီးဆောက်လုပ်ခဲ့ပြီး အဆောင်နှစ်ဆောင်လုံးသည် ဆိုးရွားစွာ ယိုယွင်းပျက် စီးလျက်ရှိပါသည်။ အဆိုပါစာသင်ဆောင်များ၏ သွပ်မိုးများတွင်အပေါက်များနှင့် သင့်လျော်သောမျက်နှာကျက်များမရှိ ပါ။ ထို့ကြောင့် မိုးယိုခြင်းများရှိပြီး မိုးစက်မိုးပေါက်များ သွပ်မိုးပေါ်သို့ လာရောက်ရိုက်ခတ်သည့်အသံများသည် ကျောင်းသူကျောင်းသားများ ပညာသင်ကြားရာ၌ အာရုံစူးစိုက်မှု မရရှိစေနိုင်ပါ။ အဆိုပါအခက်အခဲကို ဖြေရှင်းရန် ဂျပန်အစိုးရက စာသင်ခန်း(၆)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်း ဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်း တွင် ပညာ သင်ကြားနေကြသော ကျောင်းသူကျောင်းသား(၃ဝ၆)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။

ကယားပြည်နယ်တွင် အခြားကျောင်းတစ်ကျောင်းဖြစ်သော လွိုင်ကော်မြို့နယ်ရှိ ကုန်းသာကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းဆောင်တစ်ဆောင်မှာ ယိုယွင်းပျက်စီးနေကာ မျက်နှာကျက်မှာ ပြုတ်ကျလုနီးပါးဖြစ်နေ ပြီး သစ်သားတိုင်များမှာ ဆွေးမြည့်နေသောကြောင့် အန္တရာယ်ရှိသည့် အခြေအနေတစ်ခုသို့ ရောက်ရှိနေပါသည်။ ၄င်း ကျောင်းဆောင်မှာ ပြိုကျနိုင်သည့်အခြေအနေရှိနေသော်လည်း ကျောင်းသူကျောင်းသား(၂ဝဝ)ဦးကျော်သည် စာသင် ဆောင်မရှိသောကြောင့် အဆိုပါအဆောင်တွင်ပင် ပညာသင်ကြားနေကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၅)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံ ပါဝင်သော တစ်ထပ်သံကူကွန်ကရစ်ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွား မည် ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၁,၁ဝဝ)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။

လအိကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသည် များပြားလာသောကျောင်းသူကျောင်းသားများ တက်ရောက် နိုင်ရန် အခက်အခဲများနှင့် ကြုံတွေ့နေရပါသည်။ ၄င်းအကျိုးဆက်ကြောင့် ကျောင်းသူကျောင်းသား(၇ဝ)ဦးကျော်သည် အခြားအတန်းများနှင့် ခွဲခြားထားသည့် နံရံမရှိသော စာသင်ခန်းတစ်ခန်းအတွင်းတွင် ကျပ်တည်းစွာ ပညာသင်ကြားနေ ကြရပါသည်။ ထို့ပြင် ကျောင်းသုံးပရိဘောဂများဖြစ်သည့် စာရေးစားပွဲနှင့် ထိုင်ခုံများမှာ အရည်အသွေးညံ့သော အခြေ အနေများဖြစ်နေပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၈)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ် ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာ သင်ကြားနေကြသော ကျောင်းသူကျောင်းသား(၅၈၃)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်း ပေါင်း(၈၉၆)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၆ဝ)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၆၁)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက် အပံ့များသည် လက်ရှိဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့် လျက်ရှိပါသည်။