ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီးတွင် ကျေးရွာချင်းဆက်လမ်းတစ်လမ်း ဆောက်လုပ်ပြီးစီးခဲ့
၂ဝ၁၉ ခုနှစ်၊ မတ်လ (၅) ရက်

ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ ၁၅၇,၇၉၇ ကို ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ မြောက်စမ်း ကျေးရွာနှင့် ရေစမ်းကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် ပေးအပ်ခဲ့ပါသည်။

အဆိုပါ အဆင့်မြှင့်တင်ထားသည့် ကျေးရွာချင်းဆက်လမ်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ၂ဝ၁၉ ခုနှစ် မတ်လ (၅) ရက်နေ့တွင် ရေကြည်မြို့နယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး ဒုတိယအတွင်းဝန် Mr. Keisuke AMIMOTO ၊ ဆောက်လုပ်ရေးစီမံကိန်းကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

၎င်းလမ်းကို ဒေသခံပြည်သူများသည် နေ့စဉ်လုပ်ငန်းခွင်သို့သွားလာရန်၊ အရေးပေါ်လူနာများကို ဆေးရုံသို့ပို့ဆောင်ရန်နှင့် ကောက်ပဲသီးနှံများကို သယ်ယူပို့ဆောင်ရန်အတွက် ကျယ်ပြန့်စွာအသုံးပြုလျက်ရှိပါသည်။ သို့သော် အဆိုပါလမ်းသည် မိုးရာသီကာလအတွင်း ဖြတ်သန်းသွားလာ၍မရသဖြင့် ကျေးရွာသူကျေးရွာသားများက ကျောင်းများနှင့် ဆေးရုံများအစ ရှိသည့် အဆောက်အအုံများသို့ လက်လှမ်းမီသွားလာရန် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ကြရပါသည်။ အဆိုပါ အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် ဂျပန်အစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ သံကူ ကွန်ကရစ်တံတားတစ်စင်းနှင့် ရေပြွန်(၈)ခုပါဝင်သော (၂.၅)ကီလိုမီတာအရှည်ရှိသည့် ကျေးရွာချင်းဆက်လမ်း အဆင့် မြှင့်တင်ရေးစီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ၄င်းဒေသ အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ(၉၆၄)ဦး အကျိုးခံစားကြရမည်ဖြစ်ပါသည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၈၉၆)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၆ဝ)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၆၁)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့ များသည် လက်ရှိဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါ သည်။