ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ ရခိုင်ပြည်နယ်တွင် စာသင်ကျောင်းလေးကျောင်း ဆောက်လုပ်ခြင်းများအတွက် အမေရိကန်ဒေါ်လာ ၆၃၉,၂၄၆ ထောက်ပံ့မှု
၂ဝ၁၉ ခုနှစ်၊ မတ်လ (၁၃) ရက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA နှင့် ရခိုင်ပြည်နယ်မှ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌတို့သည် စီမံကိန်းလေးခုအတွက် အထောက်အပံ့ပေးရေး သဘောတူစာချုပ်များကို ၂ဝ၁၉ ခုနှစ် မတ်လ(၁၃)ရက်နေ့တွင် လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါ သဘောတူစာချုပ်များအရ ဂျပန်နိုင်ငံ အစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၃၉,၂၄၆ ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်းများမှာ-

၁။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြက်ရိတ်ကျွန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေး စီမံကိန်း (အမေရိကန်ဒေါ်လာ ၁၁၄,၅၇၈) ၊
၂။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ချောင်းရှည်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၃၆,၂၇၃) ၊
၃။ ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်၊ ဂျီဖြူတောင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်း (အမေရိကန်ဒေါ်လာ ၂ဝ၁,၂၄ဝ) နှင့်
၎။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကန်ချောင်းကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်း ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၈၇,၁၅၅) တို့ဖြစ်ကြပါသည်။

မြက်ရိတ်ကျွန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် သူငယ်တန်းမှအဋ္ဌမတန်းအထိ ကျောင်းသူ ကျောင်းသားများအတွက် စာသင်ဆောင်တစ်ဆောင်သာရှိသောကြောင့် ခြောက်သွေ့ရာသီများတွင် ကျောင်းသူ ကျောင်းသားထက်ဝက်ခန့်သည် ကျောင်းအဆောက်အအုံ၏အပြင်ဘက်တွင် ပညာသင်ကြားခဲ့ကြရပါသည်။ မိုးရာသီ ကာလတွင် ကျောင်းသူကျောင်းသားအားလုံး ကျောင်းဆောင်အတွင်း စာသင်ကြားနိုင်ရန် အတန်းများကို နံနက်ပိုင်းနှင့် နေ့လည်ပိုင်း နှစ်ချိန်ခွဲ၍ စာသင်ကြားကြရသောကြောင့် သင်ခန်းစာများ နောက်ကျခဲ့ရပါသည်။ အဆိုပါအခက်အခဲကို ဖြေရှင်းရန်အတွက် ဂျပန်အစိုးရက စာသင်ခန်း(၅)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော တစ်ထပ် သံကူကွန်ကရစ်ကျောင်းဆောင်တစ်ဆောင်နှင့် သန့်စင်ခန်းများ ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွား မည် ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၂၄၄)ဦးနှင့် ကျောင်းဆရာဆရာမ(၁၂)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။

ချောင်းရှည်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသည် အလယ်တန်းအဆင့်အထိကျောင်းမရှိသော ကျေးရွာ များမှ ကျောင်းသူကျောင်းသားများကိုလက်ခံကာ ပညာသင်ကြားခွင့်ပေးနေသော ကျောင်းတစ်ကျောင်းဖြစ်ပါသည်။ ထို့ကြောင့် ကျောင်းရှိကျောင်းဆောင်နှစ်ဆောင် လက်ခံနိုင်သောအရေအတွက်ထက် များနေသောကြောင့် ကျောင်းသူ ကျောင်းသားအချို့မှာ ကျောင်းနှင့်(၁.၅)ကီလိုမီတာခန့်ဝေးသော ဘုန်းကြီးကျောင်းအတွင်းရှိ ယာယီကျောင်းခန်းများ တွင် ပညာသင်ကြားခဲ့ကြရပါသည်။ ထို့ပြင် ကျောင်းဆောင်များမှာ အမိုးနှင့်နံရံပျက်များကြောင့် ဆိုးရွားစွာယိုယွင်း ပျက်စီးလျက်ရှိပါသည်။ အဆိုပါအခက်အခဲကို ဖြေရှင်းရန်အတွက် ဂျပန်အစိုးရက စာသင်ခန်း (၆)ခန်းနှင့် ကျောင်းသုံး ပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင်နှင့် သန့်စင်ခန်းများ ဆောက် လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြ သော ကျောင်းသူကျောင်းသား(၃၄၅)ဦးနှင့် ကျောင်းဆရာဆရာမ(၁၂)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။

ဂျီဖြူတောင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသည် ကျောင်းဆောင်မလုံလောက်သောကြောင့် သူငယ်တန်း မှအဋ္ဌမတန်းအထိ ကျောင်းသူကျောင်းသားများ ကောင်းမွန်စွာပညာသင်ကြားနိုင်ရန်အတွက် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ ကျေးရွာလူထုများက ဝိုင်းဝန်း၍ ကျောင်းစာသင်ခန်းများ ပိုမိုရရှိနိုင်စေရန် ယာယီ ကျောင်းဆောင်များ ဆောက်လုပ်ခဲ့သော်လည်း အဆိုပါကျောင်းဆောင်များ ယိုယွင်းပျက်စီးလာသောကြောင့် ကျောင်း သူကျောင်းသားများသည် မိုးရာသီတွင် ရာသီဥတုဆိုးရွားသည့်ဒဏ်ကို ခံစားခဲ့ကြရပါသည်။ ထို့ပြင် ကျောင်းသုံး ပရိဘောဂများဖြစ်သည့် စာရေးခုံ၊ ထိုင်ခုံများနှင့် သန့်စင်ခန်းများ လုံလောက်မှုမရှိခြင်းစသည့် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါသည်။ အဆိုပါ အခက်အခဲကိုဖြေရှင်းရန်အတွက် ဂျပန်အစိုးရက စာသင်ခန်း(၁ဝ)ခန်းနှင့် ကျောင်းသုံးပရိဘောဂအပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင်နှင့် သန့်စင်ခန်းများ ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြား နေကြသော ကျောင်းသူကျောင်းသား(၆ဝ၁)ဦးနှင့် ကျောင်းဆရာဆရာမ(၁၇)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။

ကန်ချောင်းကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်းရှိ ကျောင်းဆောင်တစ်ဆောင်မှာ ဆိုးရွားစွာ ယိုယွင်းပျက်စီးနေသောကြောင့် တိမ်းစောင်းလျက်ရှိပြီး ပြိုကျနိုင်သည့် အခြေအနေတွင်ရှိနေပါသည်။ ထို့ပြင် ဘုန်းကြီး ကျောင်း၌ ဘာသာရေးဆိုင်ရာ ပွဲလမ်းသဘင်များရှိသည့်အခါတွင် ကျောင်းပိတ်ထားခဲ့ရသောကြောင့် ကျောင်းသင်ခန်း စာများ နောက်ကျခဲ့ရပါသည်။ ကျောင်းဆောင်များအနက် ဘုန်ကြီးကျောင်းဆောင်အောက်ထပ်တွင် ကျောင်းသူ ကျောင်းသား(၁ဝဝ)ကျော်ခန့် ပညာသင်ကြားနေရသော ကြမ်းခင်းမှာ မိုးရာသီကာလတွင် အသုံးပြု၍မရအောင်ပင် ဖြစ်နေခဲ့ပါသည်။ ကျောင်းပတ်ဝန်းကျင်အခြေအနေ ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် ဂျပန်အစိုးရက စာသင်ခန်း (၁ဝ)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင်နှင့် သန့်စင်ခန်းများဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၃၁၅)ဦးနှင့် ကျောင်းဆရာဆရာမ(၇)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်း ပေါင်း(၉ဝဝ)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၆၄)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၆၁)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက် အပံ့များသည် လက်ရှိဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့် လျက်ရှိပါသည်။