
ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ ၁၂၃,၇ဝဝ ကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ကြာဂရက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေးစီမံကိန်းအတွက် ပေးအပ်ခဲ့ပါသည်။
အထက်ပါ စီမံကိန်းအတွက် စာသင်ကျောင်းတစ်ကျောင်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ၂ဝ၁၉ ခုနှစ် မတ်လ (၂၅)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး သံမှူး Ms. Tomoko YOSHIHIRO၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီ၊ ဆောက်လုပ်ရေးစီမံကိန်းကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
ကြာဂရက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စာသင်ဆောင်(၃)ဆောင်ရှိပါသည်။ သို့သော် ကျောင်းသူကျောင်း သားများအားလုံး ပညာသင်ကြားရန် ကျောင်းဆောင်မလုံလောက်သောကြောင့် ကျောင်းသူကျောင်းသားဦးရေ (၁ဝဝ)ကျော်သည် ယာယီတဲတစ်လုံးအတွင်း၌ ပညာသင်ကြားခဲ့ကြရပြီး လေဒဏ်မိုးဒဏ်များလည်း ထိတွေ့ခံစားခဲ့ကြရ ပါသည်။ ထို့ပြင် ကျောင်းသူကျောင်းသားဦးရေ(၆ဝ)ဦးခန့်သည် အနီးပတ်ဝန်းကျင်ရှိ ဘာသာရေး အဆောက်အအုံတစ်ခု အတွင်း ပညာသင်ကြားခဲ့ကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန် အစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်း(၆)ခန်း၊ ကျောင်းသုံးပရိဘောဂ အပြည့် အစုံနှင့် သန့်စင်ခန်းများပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေ ထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၄၃၃)ဦး နှင့် ဆရာဆရာမ(၂၁)ဦးတို့ အကျိုးခံစားကြရမည် ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၉ဝ၄)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၆၇)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၆၁)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၆)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့ များသည် လက်ရှိဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါ သည်။