ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ချင်းပြည်နယ်တွင် စာသင်ကျောင်းနှစ်ကျောင်း ဆောက်လုပ်ပြီးစီးခဲ့
၂ဝ၁၉ ခုနှစ်၊ မတ်လ (၂၈) ရက်

ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် (အမေရိကန်ဒေါ်လာ ၂၇၇,၃၅၅) ပေးအပ်ခဲ့ပါသည်။ အဆိုပါစီမံကိန်းများမှာ -

၁) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ပင်လောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၃၅,၉၃ဝ) နှင့်
၂) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၄၁,၄၂၅) တို့ဖြစ်ကြပါသည်။

စီမံကိန်းနံပါတ် ၁ သည် မြန်မာနိုင်ငံအစိုးရက ဂျပန်နိုင်ငံအစိုးရသို့ ရေဘေးဒဏ်ခံခဲ့ရသော ကျောင်းပေါင်း(၄၉၃) ကျောင်း ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကူညီထောက်ပံ့ပေးရန် မေတ္တာရပ်ခံခဲ့သော စာသင်ကျောင်းများတွင် ပါဝင်ပါသည်။

အထက်ပါ စီမံကိန်းနှစ်ခုအတွက် စာသင်ကျောင်းနှစ်ကျောင်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများကို ၂ဝ၁၉ ခုနှစ် မတ်လ (၂၆)နှင့်(၂၇)ရက်နေ့တို့တွင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၌ အသီးသီးကျင်းပခဲ့ပါသည်။ အခမ်းအနား များသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး တတိယအတွင်းဝန် Ms. Ayano SUZUKI ၊ ဆောက်လုပ်ရေးစီမံကိန်း ကော်မတီ ဥက္ကဋ္ဌများနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

ပင်လောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ လက်ရှိစာသင်ဆောင်သည် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လုံးဝ ပြိုကျပျက်စီးသွားခဲ့ပါသည်။ ထိုအချိန်မှစ၍ ကျောင်းသူကျောင်းသားများသည် မူလစာသင်ဆောင်အတွက် အသုံးပြုပြီး သောသစ်များဖြင့် ဆောက်လုပ်ထားသည့် ယာယီစာသင်ဆောင်တစ်ဆောင်အတွင်း၌ ပညာသင်ကြားခဲ့ကြရပါသည်။ ထို့ပြင် မူလအစတည်းက ထိခိုက်ပျက်စီးလွယ်သော အဆိုပါယာယီဆောင်သည် ၂ဝ၁၅ ခုနှစ် ရေကြီးမှုကြောင့် ဆိုးရွားစွာ ပျက်စီးသွားခဲ့ပါသည်။ အဆိုပါအခက်အခဲများကို ဖြေရှင်းရန် ဂျပန်အစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေး အစီအစဉ်အရ စာသင်ခန်း(၄)ခန်း၊ ကျောင်းသုံးပရိဘောဂအပြည့်အစုံနှင့် သန့်စင်ခန်းများပါဝင်သော နှစ်ထပ်သံကူ ကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၄၄)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။

အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ စာသင်ဆောင်တစ်ဆောင်မှာ အလွန်ဟောင်းနွမ်းပြီး ယိုယွင်းပျက်စီး လျက်ရှိပါသည်။ နံရံများပေါ်တွင် အပေါက်ကြီးများနှင့် တိုင်များမှာ ဆွေးမြည့်ပျက်စီးနေသော်လည်း ကျောင်းသူကျောင်း သားများသည် သင့်လျော်သောစာသင်ခန်းမရှိသောကြောင့် အဆိုပါစာသင်ဆောင်တွင် ပညာသင်ကြားခဲ့ကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်း(၈)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူ ကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၃၃၅)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။

ဂျပန်နိုင်ငံသည် သဘာဝဘေးအန္တရာယ်များစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ ထို့အတူ ဂျပန်နိုင်ငံသည် ပြီးခဲ့သောဘေး အန္တရာယ်များမှ သင်ခန်းစာများရယူကာ “ပိုမိုကောင်းမွန်အောင်ပြန်လည်တည်ဆောက်ခြင်း” ဆိုသော အယူအဆကို တစ် ကမ္ဘာလုံး၌ပျံ့နှံ့သွားစေရန် မိတ်ဆက်ခဲ့ပါသည်။ “ပိုမိုကောင်းမွန်အောင် ပြန်လည်တည်ဆောက်ခြင်း” ဆိုသည်မှာ သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်ပွားပြီးနောက် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများလျှော့ချနိုင်ရန် သဘာဝဘေးအန္တရာယ် မဖြစ်ပွားမီအချိန်ကထက် လူမှုအဖွဲ့အစည်းကို ပိုမိုခိုင်မာကောင်းမွန်လာအောင် ပြန်လည်တည်ဆောက်ခြင်းဖြစ်ပါသည်။ ဤအတွေးအခေါ်အပေါ်အခြေခံ၍ ဂျပန်အစိုးရအနေဖြင့် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ကျောင်းအဆောက်အအုံအသစ်များကို ရေကြီးစဉ်ကာလတွင် ထိခိုက်ပျက်စီးခဲ့ရသော ကျောင်းအဆောက်အအုံထက် ပိုမို တောင့်တင်းခိုင်မာအောင် ပြန်လည်တည်ဆောက်ပေးခြင်းဖြစ်ပါသည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၉ဝ၄)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၆၇)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၆၁)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၆)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့ များသည် လက်ရှိမြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။