ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် (အမေရိကန်ဒေါ်လာ ၂၂၈,၁ဝ၆) ပေးအပ်ခဲ့ပါသည်။ အဆိုပါစီမံကိန်းများမှာ -
၁) မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ဖြူတွင်းကုန်း ကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်း
ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၄၇,၆၉၆)နှင့်
၂) မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ သပြေကန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ်
ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၈ဝ,၄၁ဝ) တို့ဖြစ်ကြပါသည်။
အထက်ပါ စီမံကိန်းနှစ်ခုအတွက် စာသင်ကျောင်းနှစ်ကျောင်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ (၁၉)နှင့်(၂ဝ)ရက်နေ့တို့တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်နှင့် မိတ္ထီလာမြို့နယ်များ၌ အသီးသီးကျင်းပခဲ့ ပါသည်။ အခမ်းအနားများသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး တတိယအတွင်းဝန် Ms. Suzumi SEKINE ၊ မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဒု-ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေး၊ မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ မိတ္ထီလာမြို့နယ် မဲဆန္ဒနယ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း၊ ဆောက်လုပ်ရေးစီမံကိန်း ကော်မတီဥက္ကဋ္ဌများ နှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
ဖြူတွင်းကုန်းကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်းတွင် စာသင်ကျောင်းဆောင်မရှိသောကြောင့် ၂ဝ၁၄ ခုနှစ်၌ ကျေးရွာသူရွာသားများသည် ယာယီကျောင်းဆောင်(၂)ဆောင် ဆောက်လုပ်ခဲ့ပါသည်။ သို့သော် အဆိုပါ ယာယီကျောင်းဆောင်များတွင် ကျောင်းသူကျောင်းသားအားလုံးတက်ရောက်ရန် နေရာအခက်အခဲရှိသောကြောင့် ကျောင်းသူကျောင်းသားအချို့သည် နားနေဆောင်များနှင့် ကားဂိုဒေါင်တွင် ပညာသင်ကြားခဲ့ကြရပါသည်။ ဘာသာရေး ပွဲတော်များကျင်းပသော အချိန်ကာလများတွင် ကျောင်းပိတ်ထားခဲ့ရပါသည်။ ကျောင်းသူကျောင်းသားများမှာ ပညာသင် ကြားနေစဉ်အတွင်း လေဒဏ်မိုးဒဏ်များလည်း ထိတွေ့ခံစားခဲ့ကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်း ပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်း (၁ဝ)ခန်း၊ သန့်စင်ခန်းများ၊ ရေသွယ်စနစ်နှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၁၇၁)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။
သပြေကန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် စာသင်ကျောင်းဆောင်(၃)ဆောင်ရှိပါသည်။ သို့သော် ကျောင်းဆောင်အမှတ်(၁)သည် ဆိုးရွားစွာ ယိုယွင်းပျက်စီးလျက်ရှိပြီး တိုင်များမှာ ဆွေးမြည့်နေပါသည်။ ကျောင်းသူ ကျောင်းသားများသည် အခြားကျောင်းဆောင်မရှိသောကြောင့် အဆိုပါ လုံခြုံမှုမရှိသောကျောင်းဆောင်တွင် ပညာသင် ကြားခဲ့ကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက ၄င်း၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်း(၄)ခန်း၊ သန့်စင်ခန်းများ၊ ရေသွယ်စနစ်နှင့် ကျောင်းသုံး ပရိဘောဂအပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေ ထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၂၉၇)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၈၈၃)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၅၃)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၅၅)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့ များသည် လက်ရှိမြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |

.jpg)
.jpg)
No.100 Natmauk Road, Bahan Township, Yangon
01-549644~8