ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ ၁၄၇,၈၉၂ ကို ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ သုံးခွကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်းအတွက် ပေးအပ်ခဲ့ပါသည်။
အထက်ပါ စီမံကိန်းအတွက် စာသင်ကျောင်းတစ်ကျောင်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ (၂၂)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး တတိယအတွင်းဝန် Ms. Atsuko KUSUNOSE ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဒိုက်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်၊ ဆောက်လုပ်ရေးစီမံကိန်း ကော်မတီဥက္ကဋ္ဌ နှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
သုံးခွကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် စာသင်ကျောင်းဆောင်(၅)ဆောင်ရှိပါသည်။ သို့သော် ကျောင်းသူ ကျောင်းသားများအားလုံး ပညာသင်ကြားရန် ကျောင်းဆောင်မလုံလောက်သောကြောင့် ကျောင်းသူကျောင်းသားဦးရေ (၈ဝ)ခန့်သည် ကျောင်းဆောင်၏တံစက်မြိတ်များအောက်ရှိ နေရာလွတ်များ၌ ပညာသင်ကြားခဲ့ကြရပြီး လေဒဏ်မိုးဒဏ် များလည်း ထိတွေ့ခံစားခဲ့ကြရပါသည်။ ထို့ပြင် ကျောင်းသူကျောင်းသားဦးရေ(၄ဝ)ကျော်သည် အနီးပတ်ဝန်းကျင်ရှိ ဘာသာရေးအဆောက်အအုံတစ်ခုအတွင်း ပညာသင်ကြားခဲ့ကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်း ကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်း(၁ဝ) ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ် ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားနေကြသော ကျောင်းသူ ကျောင်းသား(၈၉၉)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၈၈၃)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၅၃)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၅၅)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့ များသည် လက်ရှိဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။
![]() |
![]() |
![]() |

.jpg)
.jpg)
.jpg)
No.100 Natmauk Road, Bahan Township, Yangon
01-549644~8