
မြန်မာ-ဂျပန်-အမေရိကန်တို့ ပူးတွဲ ကျင်းပသော တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဖိုရမ်
ရန်ကုန်၊ မြန်မာ။ ။ ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အကျိုးရှိစေမည့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး အရည်အသွေးရှိ၍ ကျင့်ဝတ်လိုက်နာသော ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက် မြန်မာနိုင်ငံနှင့်အတူ ရပ်တည်ပါသည်။ ဤသည်မှာ သြဂုတ် ၂၀ ရက်က ရန်ကုန်မြို့၌ မြန်မာ-ဂျပန်-အမေရိကန်တို့ ပူးတွဲ ကျင်းပသည့်တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဖိုရမ်က အဓိကပေးလိုသည့် သတင်းစကားဖြစ်ပါသည်။ ဖိုရမ်သို့ မြန်မာနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံ၏ အစိုးရများ၊ စီးပွားရေးလုပ်ငန်းအသိုက်အဝန်းများမှ လူပေါင်း ၂၅၀ ကျော် တက်ရောက်၍ မြန်မာနိုင်ငံအတွင်း ပြည်တွင်းနှင့်နိုင်ငံခြားမှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုက အရေးကြီးသည့် အကြောင်းအပြင် အမေရိကန်၊ ဂျပန်နှင့်အခြားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ရေးအတွက် နောက်ထပ် ပြုပြင်ပြောင်းလဲမှုများ လိုအပ်သည့်အကြောင်းကိုလည်း ဆွေးနွေးခဲ့ပါသည်။ ဖိုရမ်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဂျပန်နိုင်ငံသံရုံး၊ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၊ ဂျပန်နိုင်ငံပြည်ပ ကုန်သွယ်ရေးအဖွဲ့ ၊အမေရိကန်သံရုံး၊ အမေရိကန်ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ဆောင်မှုဌာန၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ အမေရိကန် ကုန်သည်ကြီးများ အသင်းမြန်မာ ၊ ဂျပန်နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတို့က ကြီးမှူးကျင်းပခြင်း ဖြစ်ပါသည်။
ဖိုရမ်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံ စီးပွားရေး အထောက်အကူပြုရေးအတွက် အမေရိကန်၊ ဂျပန်တို့နှင့် ပူပေါင်းဆောင်ရွက်ခြင်းက အရေးကြီးသည့်အကြောင်း အထူးအလေးပေး ပြောကြားခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကလည်း မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲခြင်းဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။ ယင်းအကြောင်းအရာနှင့် စပ်လျဉ်း၍ ပြည်သူများအတွက်အကျိုးရှိစေမည့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် လိုအပ်သော တာဝန်ယူမှု၊ တာဝန်ခံမှုရှိ၍ အရည်အသွေးရှိသည့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ရင်းနှီးမြုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး ကော်မတီတို့က ပါဝင်ဆောင်ရွက်သွားမည့် အဓိက အခန်းကဏ္ဍများနှင့် ပတ်သက်၍ အထူးအလေးပေး ပြောကြားခဲ့ပါသည်။
ပထမပိုင်းဆွေးနွေးမှုတွင် မကြာသေးမီက ဖော်ဆောင်ခဲ့သည့် လက်လီလက်ကား ရောင်းဝယ်ရေးကဏ္ဍအပြင် အာမခံလုပ်ငန်းကဏ္ဍအတွက်ပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို လမ်းဖွင့်ပေးသည့် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်နှင့် ဂျပန်သံအမတ်ကြီး Ichiro Maruyama တို့ကပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကလည်း မြန်မာနိုင်ငံအတွင်းရင်းနှီးမြှုပ်နှံမှုအတွက် စံတစ်ခုဖြစ်စေခဲ့သော ကမ္ဘာ့စံချိန်စံညွှန်းမီ အခြေခံအဆောက်အအုံရော ခေတ်အမီဆုံးသော တစ်နေရာတည်းတွင် အားလုံးရနိုင်သည့်ဝန်ဆောင်မှုစင်တာကိုပါ ထင်ဟပ်ပြသသည့် သီလဝါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးကူညီခဲ့သော သံအမတ်ကြီး Maruyama ကိုကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်သံအမတ်ကြီး မာစီရယ်ကလည်း သီလဝါအထူးစီးပွားရေးဇုန်သည် အမေရိကန်ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ပြီး အမေရိကန်ရင်းနှီးမြှုပ်နှံသူများကလည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအပေါ် ပြန်လည်တုံ့ပြန်နေပြီ ဖြစ်သည့်အကြောင်း ပြောကြားပါသည်။ “အမေရိကန်ကုမ္ပဏီတွေဟာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ကြဉ်းပါတယ်၊ ဒေသခံလုပ်သားတွေကိုခန့်အပ်ပြီး လေ့ကျင့်သင်တန်းတွေပေးပါတယ်၊ အခွန်အခတွေ ပေးဆောင်ပါတယ်၊ လာဘ်မထိုးပါဘူး၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ပြီး ဒေသခံလူမှုအသိုက်အဝန်းတွေအတွက် အကျိုးရှိစေမယ့် ဥပဒေစည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာပါတယ်” ဟု သံအမတ်ကြီး မာစီရယ်ကပြောပါသည်။ “ကျွန်တော်တို့ ဂျပန်နိုင်ငံကလည်း အမေရိကန် ပြည်ထောင်စုနဲ့အတူ ရေရှည်တည်တံ့တဲ့ စီးပွားရေးဖွံ့ဖြိုးမှုမှာ မြန်မာနိုင်ငံအောင်မြင်မှုရနေတာကို မြင်တွေ့ချင်ပါတယ်။ ဒါကြောင့်လည်း ဒီနေ့ဖိုရမ်ကိုကျင်းပဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်” ဟု ဂျပန်သံအမတ်ကြီး Maruyama ကပြောပါသည်။ မြန်မာနိုင်ငံ၏ အားလုံးပါဝင်နိုင်သော စီးပွားရေးဖွံ့ဖြိုးမှုနှင့် ငြိမ်းချမ်းသော ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးအတွက် အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံတို့က ဆက်လက်၍ အားပေးကူညီမည့်အကြောင်းကိုလည်း သံအမတ်ကြီးနှစ်ဦးစလုံးက ထပ်လောင်းအတည်ပြု ပြောကြားခဲ့ပါသည်။
ဒုတိယပိုင်းဆွေးနွေးမှုတွင် မြန်မာ၊ အမေရိကန်၊ ဂျပန်တို့မှ ကုမ္ပဏီခြောက်ခုဖြစ်သော KMD Co. Ltd, YaThar Cho Industry Ltd, MUFG Bank Ltd. Yangon Branch, Toyota Myanmar Co. Ltd, Chevron နှင့် Coca-Cola တို့မှ ကိုယ်စားပြုပုဂ္ဂိုလ်များက မြန်မာနိုင်ငံဈေးကွက်အတွင်း ဖြစ်နိုင်ခြေရှိသော အခွင့်အလမ်းများ၊ စိန်ခေါ်မှုအခက်အခဲများနှင့်ပတ်သက်၍ ဆွေးနွေးကြပါသည်။ အလားအလာရှိသော ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းပြောင်းလဲမှု၊ မြန်မာနိုင်ငံအတွင်း မြင့်တက်လာနေသော စွမ်းအင်လိုအပ်ချက်နှင့်ပတ်သက်၍လည်း စီးပွားရေးထိပ်သီးပုဂ္ဂိုလ်များက မီးမောင်းထိုးပြခဲ့ကြပါသည်။ ကုမ္ပဏီများက ပြောကြားကြသော ထိပ်တန်းစိန်ခေါ်မှုများထဲတွင် အခြေခံအဆောက်အုံ၊ လုပ်ငန်းတစ်ရပ်အတွက် ထောက်ပံပို့ဆောင်မှုနှင့် နိုင်ငံခြားငွေများကို လဲလှယ်နှုန်းထား အပြောင်းအလဲကြီးကြီးမားမားမရှိဘဲ အလွယ်တကူရောင်းဝယ်နိုင်ရေး ကိစ္စရပ်များလည်း ပါဝင်ပါသည်။ ဆက်လက်၍ ထိတွေ့ ဆောင်ရွက်ခြင်းနှင့် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုများက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ အောင်မြင်ရေးအတွက် မည်သို့အကျိုးပြုနိုင်မည့်အကြောင်းနှင့် ပတ်သက်၍လည်း ကုမ္ပဏီကိုယ်စားလှယ်များက ထပ်လောင်းပြောကြားခဲ့ကြပါသည်။
![]() |
![]() |