ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ကယားပြည်နယ်တွင် စာသင်ကျောင်းသုံးကျောင်း ဆောက်လုပ်ပြီးစီးခဲ့
၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်

ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ ၂၅၅,၃၄၂ ကို ပေးအပ်ခဲ့ပါသည်။ အဆိုပါစီမံကိန်းများမှာ -

(၁) ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထိုခွီဆိုကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁ဝ၁,၇၉၂) ၊
(၂) ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ လိုခါးလိုကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၇၆,၂၅၇) နှင့်
(၃) ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ နန်းဟူးကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်း (အမေရိကန်ဒေါ်လာ ၇၇,၂၉၃) ဖြစ်ကြပါသည်။

အထက်ပါ စီမံကိန်းများအတွက် စာသင်ကျောင်းသုံးကျောင်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများကို ၂ဝ၁၉ ခုနှစ် အောက်တိုဘာလ ၂၇ မှ ၂၉ ရက်နေ့များအထိ ကယားပြည်နယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ ကယား ပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး ၊ ဖရူဆိုမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပဲနို ၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်မြစေး ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး တတိယအတွင်းဝန် Ms. Ayano Suzuki ၊ ဆောက်လုပ်ရေးစီမံကိန်း ကော်မတီဥက္ကဋ္ဌများ၊ ကော်မတီ အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ စာသင်ကျောင်း(၃)ကျောင်းတွင် စာသင်ခန်းများ မလုံလောက်ခြင်းနှင့် လက်ရှိစာသင်ဆောင်များသည် ယိုယွင်း ပျက်စီးလာခြင်းစသည့် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ အချို့သော ကျောင်းသူကျောင်းသားများသည် စာသင်ဆောင်များ လုံလောက်မှုမရှိခြင်းကြောင့် ယိုယွင်းပျက်စီးနေပြီး ပြိုကျနိုင်ခြေရှိသော စာသင်ဆောင်များ၌ ကျပ်ကျပ်တည်းတည်း ပညာသင်ကြားခဲ့ကြရကာ အချို့အတန်းများမှ ကျောင်းသူကျောင်းသားများသည် လမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များမှ ထွက်ပေါ်လာသည့် ဆူညံသံများ၏ နှောင့်ယှက်မှုကို ကြုံတွေ့ခဲ့ကြ ရပါသည်။ အဆိုပါစာသင်ကျောင်းများတွင် ကျောင်းသူကျောင်းသားများနှင့် ဆရာ၊ဆရာမများအတွက် လုံခြုံမှုရှိပြီး ကျယ်ဝန်းသော သင်ကြားမှုဝန်းကျင်များ ဖန်တီးပေးရန် ဂျပန်အစိုးရက ကျောင်းသုံးပရိဘောဂများ အပြည့်အစုံပါဝင် သော စာသင်ကျောင်းဆောင်(၃)ဆောင်နှင့် သန့်စင်ခန်း(၅)ခန်း ဆောက်လုပ်ရန်အတွက် ရံပုံငွေများထောက်ပံ့ပေးခဲ့ပါ သည်။ ဤစီမံကိန်းကြောင့် ကျောင်းများတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၂၆ဝ)ခန့်နှင့် ဆရာ၊ ဆရာမများ အကျိုးခံစားကြရမည် ဖြစ်ပါသည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၉ဝ၄)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးကဏ္ဍစီမံကိန်းပေါင်း(၄၆၇)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင် မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက်အအုံ စီမံကိန်းပေါင်း(၆၁)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၆)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့များ သည် လက်ရှိ ဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်လာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။