ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ ရှမ်းပြည်နယ်တွင် စာသင်ကျောင်းနှစ်ကျောင်း ဆောက်လုပ်ပြီးစီးခဲ့
၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်

ဂျပန်နိုင်ငံအစိုးရသည် ၄င်း၏အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် (အမေရိကန်ဒေါ်လာ ၃၅၃,ဝဝ၇) ပေးအပ်ခဲ့ပါသည်။ အဆိုပါစီမံကိန်းများမှာ-

၁) ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လုံအမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၆၆,၆ဝ၇) နှင့်
၂) ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လုံအမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၈၆,၄ဝဝ) တို့ဖြစ်ကြပါသည်။

အထက်ပါ စီမံကိန်းများအတွက် စာသင်ကျောင်းနှစ်ကျောင်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၌ အသီးသီးကျင်းပခဲ့ပါသည်။ အခမ်းအနားများသို့ မြန်မာ နိုင်ငံဆိုင်ရာဂျပန်သံရုံး ပထမအတွင်းဝန် Mr. Yoshimasa KASAI ၊ ရှမ်းပြည်နယ်၊ လွိုင်လင်မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမြထွေး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်ဇော်နိုင် ၊ ဆောက်လုပ်ရေးစီမံကိန်း ကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများတက်ရောက် ခဲ့ကြပါသည်။

ပင်လုံအမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသည် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် သမိုင်းဝင်ငြိမ်းချမ်း ရေး သဘောတူညီမှုရရှိထားသည့် နာမည်ကျော်ကြားသောပင်လုံမြို့တွင် တည်ရှိပါသည်။ အဆိုပါကျောင်းတွင် ပုံမှန်အား ဖြင့် ကျောင်းသူကျောင်းသားဦးရေ(၅ဝ)ခန့်သာ တက်ရောက်နိုင်သော စာသင်ခန်းတစ်ခန်းအတွင်းတွင် ကျောင်းသူ ကျောင်းသားဦးရေ(၈ဝ)ကျော်သည် ပညာသင်ကြားခဲ့ကြရပြီး ကျောင်းသူကျောင်းသားအချို့မှာ နေရာမရှိသောကြောင့် ဆရာဆရာမများနားနေခန်းတွင် ပညာသင်ကြားခဲ့ကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရန် ဂျပန်အစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်း(၈)ခန်းနှင့် ကျောင်းသုံး ပရိဘောဂအပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန် အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူ ကျောင်းသား (၂,၁၆၁) ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။

ပင်လုံမြို့တွင် အခြားကျောင်းတစ်ကျောင်းဖြစ်သော ပင်လုံအမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်း ဆောင်ဟောင်းများတွင် ကျောင်းသူကျောင်းသားများသည် သက်တောင့်သက်သာမရှိသော ကျောင်းပတ်ဝန်းကျင်၏ ကျပ်တည်းသည့်စာသင်ခန်းများအတွင်း ပညာသင်ကြားခဲ့ကြရပါသည်။ ထို့ပြင် ကျောင်းသူကျောင်းသားအားလုံး ပညာ သင်ယူရန်ကျောင်းဆောင်များ လုံလောက်မှုမရှိသောကြောင့် ကျောင်းသူကျောင်းသားအချို့မှာ ကျောင်းဝင်းအပြင်ဘက် စစ်တပ်အဆောက်အအုံများ၌ ပညာသင်ကြားခဲ့ကြရပါသည်။ အဆိုပါအခက်အခဲကို ဖြေရှင်းရန် ဂျပန်အစိုးရက ၄င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စာသင်ခန်း(၁ဝ)ခန်း၊ သန့်စင်ခန်းများနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက် ပံ့ပေးခဲ့ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၁,၉၆၃)ဦး အကျိုး ခံစားကြရမည် ဖြစ်ပါသည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၈၈၃)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၅၃)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၅၅)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက်အပံ့ များသည် လက်ရှိဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။