
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA နှင့် မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌတို့သည် စီမံကိန်းသုံးခုအတွက် အထောက် အပံ့ပေးရေး သဘောတူစာချုပ်များကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ(၂၄)ရက်နေ့တွင် လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါ သဘောတူစာချုပ်များအရ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၄၆,၁၂၇ ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်းများမှာ-
၁။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အဗျော့ကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း
(အမေရိကန်ဒေါ်လာ ၈၁,၉၄၅) ၊
၂။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ သံရှင်ပြင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆောက်လုပ်ရေး
စီမံကိန်း (အမေရိကန်ဒေါ်လာ ၁၂၆,၆ဝ၅) နှင့်
၃။ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ညောင်ပင်ဂရက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)
ဆောက်လုပ်ရေးစီမံကိန်း (အမေရိကန်ဒေါ်လာ ၁၃၇,၅၇၇) တို့ဖြစ်ကြပါသည်။
အဗျော့ကျေးရွာ အခြေခံပညာမူလတန်းကျောင်းသည် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် တည်ရှိပါသည်။ စာသင်ကျောင်း ဆောင်တစ်ဆောင်မှာ ခြများကိုက်စားသည့်ဒဏ်ကြောင့် ဆိုးရွားစွာဆွေးမြည့်နေပြီး ယိုယွင်းပျက်စီးနေသော်လည်း ကျောင်းသူကျောင်းသားများမှာ သင့်လျော်သောကျောင်းဆောင်မရှိသောကြောင့် အဆိုပါကျောင်းဆောင်တွင် ပညာ သင်ကြားနေကြရပါသည်။ ထို့ပြင် ယာယီကျောင်းဆောင်တစ်ဆောင်တွင် သင့်လျော်သောနံရံများနှင့် မျက်နှာကျက် များမရှိသောကြောင့် ကျောင်းသူကျောင်းသားများသည် ပညာသင်ကြားနေကြစဉ်အတွင်း လေဒဏ်မိုးဒဏ်များ ထိတွေ့ ခံစားကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရန် ဂျပန်အစိုးရက စာသင် ခန်း(၄)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင်ပညာသင်ကြား နေကြသော ကျောင်းသူကျောင်းသား(၅၃)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။
သံရှင်ပြင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ ကျောင်းဆောင်တစ်ဆောင်ကို လွန်ခဲ့သောနှစ်ပေါင်း(၅၅) နှစ်ခန့်က တည်ဆောက်ခဲ့ပြီး ယခုအခါ ဆိုးရွားစွာဆွေးမြည့်ပျက်စီးနေပါသည်။ သို့သော် ကျောင်းသူကျောင်းသား (၈ဝ)ကျော်သည် စာသင်ခန်းမလုံလောက်သောကြောင့် အဆိုပါကျောင်းဆောင်တွင် ပညာသင်ကြားနေကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၆)ခန်း၊ သန့်စင်ခန်း များနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက် လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြ သော ကျောင်းသူကျောင်းသား(၂၂၂)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။
ညောင်ပင်ဂရက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သည် ပတ်ဝန်းကျင်ကျေးရွာ(၈)ရွာတွင် တစ်ခုတည်း သော အထက်တန်းကျောင်းတစ်ကျောင်း ဖြစ်ပါသည်။ ထို့ကြောင့် အခြားသောကျောင်းများမှ မူလတန်း(သို့မဟုတ်) အလယ်တန်းအဆင့် အောင်မြင်ပြီးစီးသော ကျောင်းသူကျောင်းသားများသည် အဆိုပါအထက်တန်းကျောင်း(ခွဲ)တွင် လာရောက်၍ ပညာသင်ယူကြရပါသည်။ အဆိုပါကျောင်းတွင် ကျောင်းဆောင်(၇)ဆောင်ရှိသော်လည်း ကျောင်းဆောင် တစ်ဆောင်မှာ ပြိုကျနိုင်သောအန္တရာယ်ရှိသည့်အတွက် အသုံးပြု၍မရနိုင်ပါ။ ကျန်ရှိသောကျောင်းဆောင်(၆)ဆောင် တွင် ကျောင်းသူကျောင်းသားအားလုံး တက်ရောက်ပညာသင်ကြား၍ မရနိုင်သောကြောင့် အတန်းစုံမှကျောင်းသူ ကျောင်းသားများသည် ဝန်ထမ်းအိမ်ရာတစ်လုံးတွင် ပညာသင်ကြားကြရပါသည်။ သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရန် ဂျပန်အစိုးရက စာသင်ခန်း(၆)ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံ ပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးသွား မည် ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား(၆၂ဝ)ဦး အကျိုးခံစားကြရမည် ဖြစ်ပါသည်။
ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်း ပေါင်း(၈၈၆)ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၅၆)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၅၅)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါသည်။ ဤအထောက် အပံ့များသည် လက်ရှိဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့် လျက်ရှိပါသည်။
![]() |
![]() |
![]() |