ဂျပန်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသော မြန်မာနိုင်ငံသားများသို့

၂၀၂၀ ပြည့်နှစ် ဇွန်လ ၄ ရက်

မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးတွင် မြန်မာနိုင်ငံသားများထံမှ ဂျပန်နိုင်ငံသို့သွားရောက်မည့် အကြောင်းအရာနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းမှုများစွာရှိနေပါသည်။ ထို့ကြောင့် ဇွန်လ ၄ ရက်နေ့အထိ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်ရေးအတွက် ဂျပန်နိုင်ငံပြည်ဝင်ခွင့် ကန့်သတ်ခြင်း ဆိုင်ရာဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အောက်ပါအတိုင်း ထပ်မံအသိပေးအပ်ပါသည်။

ဂျပန်သံရုံးအနေဖြင့် မြန်မာနိုင်ငံသားအများအပြား ဂျပန်နိုင်ငံသို့သွားရောက်ရန် ဆန္ဒရှိနေခြင်း အတွက် ဝမ်းမြောက်မိပါသည်။ အကယ်၍ မရှင်းလင်းသောအကြောင်းအရာများနှင့် စိုးရိမ်မှုများရှိပါက ဂျပန်သံရုံးကောင်စစ်ဌာနသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

၁။ ဂျပန်အစိုးရက အကောင်ထည်ဖော်ကျင့်သုံးလျက်ရှိသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး စီမံချက်တွင် ဂျပန်နိုင်ငံတွင်းသို့ဝင်ရောက်ခြင်းကို ပိတ်ပင်ခြင်း၊ သီးသန့်နေထိုင်စောင့်ကြည့်မှုကို တိုးမြှင့် လုပ်ဆောင်ခြင်း၊ ထုတ်ပေးထားသောပြည်ဝင်ဗီဇာများ၏ အကျိုးသက်ရောက်မှုကို ရပ်ဆိုင်းခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းကာကွယ်ထိန်းချုပ်ရေးစီမံချက်များ၏ အသေးစိတ်ကို အောက်ပါ ဝက်ဆိုက်ဒ်တွင်ကြည့်ရှုနိုင်ပါသည်။
https://www.mofa.go.jp/ca/fna/page4e_001053.html
ထိုဝက်ဆိုက်ဒ်ထဲတွင် မြန်မာနိုင်ငံမှ သွားရောက်မည့်သူများနှင့် တိုက်ရိုက်သက်ဆိုင်သော အကြောင်းအရာ များကို တင်ပြထားပါသည်။

(၁) ပထမဦးစွာ၊ လက်ရှိတွင် နိုင်ငံနှင့် ဒေသပေါင်း ၁၁၁ ခု (တရုတ်၊ ကိုရီးယား၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား စသည်တို့ပါဝင်သည်။) အား ပြည်ဝင်ခွင့်ပိတ်ပင်သော နိုင်ငံများအဖြစ် သတ်မှတ်ထားပါသည်။ မြန်မာနိုင်ငံသည် ပြည်ဝင်ခွင့်ပိတ်ပင်ထားသည့်နိုင်ငံများထဲတွင် မပါဝင်သော်လည်း မြန်မာနိုင်ငံမှ အထက်ဖော်ပြပါ ပြည်ဝင်ခွင့်ပိတ်ပင်ထားသောနိုင်ငံ၊ ဒေသများမှတစ်ဆင့်ဖြတ်သန်းခြင်း သို့မဟုတ် Transit ဖြင့် ဂျပန်နိုင်ငံသို့ဝင်ရောက်ခြင်းကို မူအားဖြင့် ခွင့်မပြုပါသဖြင့် သတိပြုပေးစေလိုပါသည်။ ပြည်ဝင်ခွင့်ပိတ်ပင်ထားသော နိုင်ငံ၊ ဒေသ အမည်များကို အထက်ပါ နံပါတ် ၁ ရှိ ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဆိုက်ဒ်တွင် ကြည့်ရှုနိုင်ပါသည်။ သို့ရာတွင် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များကို ခြွင်းချက်အနေဖြင့်သတ်မှတ်ထားပါသဖြင့် အဆိုပါပုဂ္ဂိုလ်များသည် ဂျပန်သံရုံးသို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

* နေထိုင်ခွင့်အရည်အချင်း “အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူ “(Permanent Resident)၊ “ဂျပန်လူမျိုး၏ ဇနီး/ခင်ပွန်း (သို့) ကလေး” (Spouse or Child of Japanese)၊ “အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူ၏ ဇနီး/ခင်ပွန်း (သို့) ကလေး” (Spouse or Child of Permanent Resident)၊ “ကာလရှည်နေထိုင်ခွင့်ရရှိထားသူ” (Long-Term Resident) ဖြစ်ပြီး၊ တစ်ဆင့်ဖြတ်သန်း (Transit) မည့်နိုင်ငံ (သို့) ဒေသက ပြည်ဝင်ခွင့်ပိတ်ပင်ထားသည့် နိုင်ငံ၊ ဒေသအဖြစ် သတ်မှတ်ခြင်းမခံရမီရှေ့တစ်ရက်အထိ ပြည်ပြန်ဝင်ခွင့် ခွင့်ပြုချက် (Re-Entry Permit)ဖြင့် ဂျပန်နိုင်ငံမှ ထွက်ခွာလာသူများ။
ပြည်ပြန်ဝင်ခွင့် ခွင့်ပြုချက် (Re-Entry Permit) သက်တမ်းကုန်ဆုံးနေပါက သက်တမ်းတိုးဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ဂျပန်သံရုံးသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

(၂) ထို့အပြင် အထက်ဖော်ပြပါ ပြည်ဝင်ခွင့်ပိတ်ပင်ထားသော နိုင်ငံ၊ ဒေသများမှလွဲ၍ ကျန်နိုင်ငံ၊ ဒေသများ မှတစ်ဆင့်ဖြတ်သန်း (Transit) ဝင်ရောက်မည်ဆိုပါကလည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ဧပြီလ ၂ ရက်နေ့အထိ ထုတ်ပေးထားသော တစ်ကြိမ် (Single) နှင့် အကြိမ်ကြိမ် (Multiple) ပြည်ဝင်ဗီဇာများ၏ အကျိုးသက်ရောက်မှုကို ဇွန်လကုန်အထိ ရပ်ဆိုင်းထားသောကြောင့် ဂျပန်နိုင်ငံသို့ ပြည်ဝင်ခွင့်မရရှိနိုင်ပါ။

၂။ နောက်ပိုင်းတွင် အထက်ပါနံပါတ် ၁ တွင် ဖော်ပြထားသောဆောင်ရွက်ချက်များ ဖြေလျှော့ပြီး မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ဝင်ရောက်နိုင်ပြီဆိုပါက မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ အသေးစိတ်အချက် အလက်များကို ထပ်မံထုတ်ပြန်ကြေငြာပါမည်။ (ထိုအချိန်တွင် ဗီဇာသက်တမ်းကျန်ရှိနေသေးသောသူများ သည် ထိုဗီဇာဖြင့် ဂျပန်နိုင်ငံသို့ဝင်ရောက်နိုင်ပါသည်။ ဗီဇာသက်တမ်းကုန်ဆုံးသွားသောသူများသည် ဗီဇာလျောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ ဂျပန်သံရုံးတွင် နောက်တစ်ကြိမ် ဗီဇာထပ်မံလျောက်ထားပေးကြပါရန် မေတ္တာရပါခံအပ်ပါသည်။) ။ အဆင်မပြေဖြစ်မှုများအတွက်လည်း နားလည်ပေးနိုင်ပါရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။ မရှင်းလင်းသောအချက်အလက်များရှိပါက သံရုံးသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

စုံစမ်းမေးမြန်းရန် : မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ကောင်စစ်ဌာန
ဖုန်း : ၉၅-၁-၅၄၉၆၄၄~၈
အီးမေးလ် : ryoji@yn.mofa.go.jp