ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr. MOTEGI Toshimitsu နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အကြား တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးပြောကြားခဲ့ခြင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်

၂၀၂၀ပြည့်နှစ် ဇွန်လ ၂၉ရက်

၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၉ရက်နေ့ မွန်းလွဲ ၄နာရီခန့်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr. MOTEGI Toshimitsu နှင့် မြန်မာနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် မိနစ် ၂၀ခန့် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးပြောကြားခဲ့ပြီး ပြောကြားချက်အနှစ်ချုပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ ဝန်ကြီး Mr. MOTEGI က အဖွင့်စကားအနေဖြင့် ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ရပ်တည်လျက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးကို အစိုးရပုဂ္ဂလိကပူးပေါင်းကာ ဆက်လက်၍ အစွမ်း ကုန် ကူညီထောက်ပံ့လျက်ရှိပါကြောင်း ပြောဆိုခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဂျပန်နိုင်ငံ၏ စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်လျက်ရှိပါကြောင်း ပြန်လည် ပြောကြားခဲ့ပါသည်။

၂။ ဆက်လက်ပြီး ဝန်ကြီး Mr. MOTEGI က မြန်မာနိုင်ငံဘက်မှ တောင်းဆိုထားသည့် Avigan ဆေးပြားများ ပေးအပ်ခြင်းနှင့် ဆေးကုသမှုဆိုင်ရာပစ္စည်းကိရိယာများ လှူဒါန်းခြင်းအပါအဝင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် ကူညီထောက်ပံ့မှုများကို ရှင်းလင်း ပြောကြားခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကားကို ပြန်လည် ပြောကြားခဲ့ပါသည်။

၃။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်းပြီး ဝန်ကြီး Mr. MOTEGI က အခြေအနေ တိုးတက်ပြောင်းလဲရေးအတွက် မြန်မာအစိုးရ၏ လုပ်ငန်းစဉ်များကို ဂျပန်နိုင်ငံက အစွမ်းကုန် ထောက်ပံ့အားပေးသွားမည်ဖြစ်ကြောင်း ပြောကြားရင်း လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာပါအကြံပြုချက်များကို အခြေခံပြီး ဥပဒေကြောင်းအရ တရားစီရင်ရေးလုပ်ငန်းများနှင့် နိုင်ငံတကာတရားစီရင်ရေးခုံရုံး (ICJ) က ထုတ်ပြန်ခဲ့သည့် ကြားဖြတ်စီမံချက်ပါအချက်များကို တစ်ဆင့်ချင်းဆောင်ရွက်သွားရန် အားပေးတိုက်တွန်းပြောကြားခဲ့ပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရခိုင်အရေးကိစ္စနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံက နားလည်ပေး သည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် အဆိုပါကိစ္စရပ်များအတွက်လည်း သေချာစွာ လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။

၄။ နှစ်နိုင်ငံဝန်ကြီးများသည် COVID-19 ကူးစက်ရောဂါ ကူးစက်မှုအခြေအနေများကို အထူးဂရုပြု စောင့်ကြည့်ရင်း နှစ်နိုင်ငံအကြား နိုင်ငံသားများ၏ခရီးသွားလာမှုကို သင့်တော်သည့်အချိန်တွင် ပြန်လည် ဖွင့်လှစ်သွားရေးအတွက် အတူတကွ ညှိုနှိုင်းဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြပါသည်။