
၁။ ဇန်နဝါရီလ ၂၁ရက်နေ့ (ဒေသစံတော်ချိန်နှင့်နေ့ရက်တူ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရသည် ရခိုင်ပြည်နယ်မြောက်ပိုင်းက လူအခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များနှင့်ပတ်သက်ပြီး ၎င်းအစိုးရ ကိုယ်တိုင်ဖွဲ့စည်းခဲ့သည့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ အကျဉ်း ချုပ်ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါအပြီးသတ်အစီရင်ခံစာတွင် နေရာဒေသ (၁၃) ခုမှ ဒေသခံပြည်သူတစ်ထောင်ကျော်၏ ထွက်ဆိုချက်များအပေါ်အခြေခံ၍ လူအများအပြားသတ်ဖြတ်ခြင်း၊ နေအိမ်များဖျက်ဆီးခြင်း၊ လုယက်မှုကျူးလွန်ခြင်း စသည်တို့နှင့်ပတ်သက်သော အသေးစိတ်သတင်းအချက်အလက်များနှင့်အတူ မြန်မာအစိုးရနှင့်တပ်မတော်သို့ အကြံပြုချက်များလည်း ပါဝင်ပါသည်။ ထို့အပြင် ဇန်နဝါရီလ ၂၁ရက်နေ့တွင်ပင် မြန်မာအစိုးရသည် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အဆိုပါ အပြီးသတ်အစီရင်ခံစာတွင်ပါဝင်သော အကြံပြုချက်များကိုအခြေခံပြီး လိုအပ်သော ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဟူသော ရပ်တည်ချက်ကို ကြေညာခဲ့ပါသည်။
၂။ ဂျပန်နိုင်ငံသည် မြန်မာအစိုးရ၊ တပ်မတော်ကို လူအခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်များနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာ၍ ယုံကြည်စိတ်ချရသော အနေအထားဖြင့် စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်ပြီး ၎င်းရလဒ်အတိုင်း သင့်တော်သည့် အရေးယူဆောင်ရွက်မှုများလုပ်ဆောင်ရန် အကြိမ်ကြိမ်အားပေး တိုက်တွန်းလာခဲ့ပါသည်။ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာတင်သွင်း ခြင်းနှင့် မြန်မာအစိုးရ၏ ရပ်တည်ချက်ကိုကြေညာခြင်းသည် မြန်မာနိုင်ငံကိုယ်တိုင်က မိမိတို့ တာဝန်ယူဆောင်ရွက်သွားမည့်လမ်းကြောင်းကို ပြသသော အရေးကြီးသည့် လုပ်ဆောင်ချက်ဖြစ်သောကြောင့် အထူးတန်ဖိုးထားပါသည်။
၃။ နောက်ပိုင်း မြန်မာအစိုးရနှင့် တပ်မတော် နှစ်ဘက်စလုံးက လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်များကိုအခြေခံပြီး ဥပဒေကြောင်းအရ လိုအပ်သောစစ်ဆေးအရေးယူမှုများကို အလျင်အမြန်လုပ်ဆောင်သွားရင်း အလားတူဖြစ်ရပ်များ နောက်တစ်ကြိမ်ထပ်မံဖြစ်ပွားမှုမရှိစေရန် တားဆီးရေး နှင့် သက်ဆိုင်ရာအပြည်ပြည်ဆိုင်ရာဥပဒေများကို လိုက်နာသွားရန် ကြိုးပမ်းအားထုတ်လိမ့်မည်ဟု အခိုင်အမာယုံကြည်မျှော်လင့်မိပါသည်။
၄။ ဂျပန်နိုင်ငံသည် ဆက်လက်ပြီး ရခိုင်ပြည်နယ်တွင်းငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကို မြှင့်တင်ရန်နှင့် နေရပ်စွန့်ခွာသူများပြန်လာရေး အဆင်ပြေချောမွေ့စေရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို ကူညီထောက်ပံ့သွားရင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံတည်ထောင်ရေးကို ဘက်ပေါင်းစုံမှ ထောက်ပံ့ကူညီအားပေးသွားမည် ဖြစ်ပါသည်။