၁။ အထောက်အပံ့ပမာဏ ဂျပန်ယန်း ၂.၂၈၁ ဘီလျံတန်ဖိုးရှိသော “မကွေးပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေးစီမံကိန်း” အရ ဆောက်လုပ်ခဲ့သည့် ဆေးကုသဆောင်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးမှုအထောက်အပံ့ပေးရေးဌာနမှ သံမှူး Mr. TAKIMI Kazuyuki နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Japan International Cooperation Agency, JICA) မြန်မာရုံး၏ ဌာနေကိုယ်စားလှယ် Mr. SAKAKURA Noriji တို့တက်ရောက်ကြကာ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့ပါသည်။
၂။ မကွေးတိုင်းဒေသကြီးတွင် ၅နှစ်အောက်ကလေးသူငယ်သေဆုံးမှုနှုန်းသည် တစ်နိုင်ငံလုံး၏ ပျမ်းမျှနှုန်းထက် မြင့်မားလျက်ရှိပါသည်။ ထို့ပြင် မကွေးပြည်သူ့ဆေးရုံကြီး၏ အဆောက်အအုံနှင့် စက်ပစ္စည်းများသည် ဟောင်းနွမ်း၍ ယိုယွင်းပျက်စီးလျက်ရှိပြီး ဆေးကုသရန် ကုတင်အရေအတွက် မလုံလောက်မှုကြောင့် ကုတင်အသုံးပြုနှုန်းမှာလည်း ၁၀၀ ရာခိုင်နှုန်း ကျော်လျက်ကာ လူနာများအတွက် ဆေးကုသမှုပတ်ဝန်းကျင် အားနည်းလျက်ရှိသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါသည်။
၃။ Obstetrics and Gynecology Department ၊ Neonatal Unit နှင့် Emergency Unit များ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ရန် အဓိက ရည်ရွယ်၍ ဤဆေးကုသဆောင်သစ်ကြီးကို ဆောက်လုပ်ခဲ့ပြီး လက်ရှိအချိန်အထိ ရင်ဆိုင်နေခဲ့ရသည့် ဆေးကုသရန် ကုတင် မလုံလောက်မှုပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ဤဆေးရုံကြီးသည် မကွေးတိုင်းဒေသကြီး၏ အဓိကကျသည့်ဆေးရုံကြီးတစ်ခုအနေဖြင့် စွမ်းဆောင်ရည်များကို ပိုမို မြှင့်တင်နိုင်ကာ ဒေသခံပြည်သူများ၏ လူနေမှုဘဝတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။ နောက်ပိုင်းတွင်လည်း ဆေးကုသဆောင်အသစ် ဆောက်လုပ်မှုနှင့်အတူ အဆိုပါဆေးရုံကြီးအတွက် ဆေးဘက်ဆိုင်ရာစက်ပစ္စည်းကိရိယာများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါသည်။
၄။ ဂျပန်နိုင်ငံအစိုးရသည် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အထောက်အပံ့များနှင့်အတူ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတစ်ဦးချင်းစီတိုင်း အရည်အသွေး ပိုမို ကောင်းမွန်သော ကျန်းမာရေးဝန်ဆောင်မှုများရရှိနိုင်ရန် မြန်မာနိုင်ငံတွင်း ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာပတ်ဝန်းကျင် အဆင့်မြှင့်တင်ရေးအတွက်လည်း ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားပါမည်။
![]() |
![]() |

.jpg)
.jpg)
No.100 Natmauk Road, Bahan Township, Yangon
01-549644~8